(စစ်သား ၂ ဦးသေဆုံး၍ ၁၄ ဦး လက်နက်ချအညံ့ခံပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို စစ်တရားရုံး တင်မည်)

မောင်မောင်ကဲ/PSM(News)

ဇွန် ၁၀၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့တွင် ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက် ရက်စက်စွာ မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့် အာဏာလုစစ်အုပ်စုအား လက်တုံ့ ပြန်သည့်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မြစ်ခြေရဲစခန်းကို ယနေ့ ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ကာ အပြီးသတ်ချေမှုန်းခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာနကွဲကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်ညွှန်ကြားမှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ယနေ့ နံနက် ၄ နာရီတွင် မြစ်ခြေရဲစခန်းကို ဗျူဟာမြောက် စတင်စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီတွင် တစ်နာရီ အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း အာဏာလုစစ်အုပ်စုဘက်မှ တပ်သား နှစ် ဦး သေဆုံးခဲ့ပြီး၊ ၁၄ ဦးမှာမူ လက်နက်ချ အညံ့ခံခဲ့သဖြင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းသိမ်းထားရှိပြီး ၎င်းတို့အနက် ဒေသခံပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများကို စစ်ဘက်ဆိုင်ရာဥပဒေ များနှင့်အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် အရေးယူဆောင်ရွက်သွားမည်ဟု PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

ထို့ပြင် ရဲစခန်းသိမ်းပွဲအတွင်း အာဏာလုစစ်အုပ်စုထံမှ G-3 သေနတ် ၁၈ လက်၊ M-79 စိန်ပြောင်း ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ်လေသေနတ် ၁ လက်၊ ကျည်ကာဦးထုပ် ၇ လုံးနှင့် G-3 ကျည် တောင့် ၁,၉၀၈ တောင့် အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများကို အများအပြား သိမ်းဆည်းရရှိခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)၊ ညောင်ဦး အခြေစိုက် ခလရ-၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် မြစ်ခြေမြို့ ပေါ်ရပ်ကွက်များနှင့် အနီးနားကျေးရွာများကို ရက်ရှည်စစ်ကြောင်းထိုးခဲ့သည်။

၎င်းတို့သည် မြစ်ခြေမြို့မဈေးကြီးအပါအဝင် ပြည်သူပိုင်နေအိမ် ၁,၀၀၀ ကျော်ကို မီးရှို့ပြာချခဲ့ပြီး အတည်ပြုနိုင်သည့် ဒေသခံပြည်သူ ၂၄ ဦး (ဒေသခံများအဆိုအရ ၅၀ နီးပါး) ကို ဖမ်းဆီးကာ အရှင် လတ်လတ် ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခြင်းဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

အဆိုပါ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် မြစ်ခြေဒေသတွင်း ကျေးရွာ ၃၀ ကျော်မှ ဒေသခံပြည်သူ ရှစ်သောင်း(၈၀,၀၀၀)ကျော်မှာ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ခဲ့ကြရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ကမူ ဖက်ဆစ်စစ်အုပ်စု၏ အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုများကြောင့် ကျဆုံးသွားခဲ့ရသော မြစ်ခြေဒေသခံ မိဘပြည်သူများအတွက် ဝမ်းနည်းရ ကြောင်းနှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရမည့် သမိုင်းပေးတာဝန်ရှိသည်နှင့်အညီ အာဏာ လုစစ်အုပ်စုကို အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် စစ်မျက်နှာအသီးသီးတွင် ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-PDF စစ်ရုံးချုပ်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed