PSM(News) ဇွန် ၁၀ ၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ကလေး – တမူးလမ်းပိုင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် နေရာများကို အာဏာလုစစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း ပြည်သူ့ ကာကွယ် ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ အဆိုပါ ထိုးစစ်ဆင်မှုသည် အာဏာလုသမ္မတ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပြီး ရက်ပိုင်း အကြာတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမကြီးဖြစ်သည့် ကလေး – တမူး လမ်းပိုင်းအား ကလေးမြို့ဘက်မှနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး တက်လာခြင်းဖြစ်သည်။ စစ်အုပ်စု၏ ကလေး – တမူးလမ်း ထိုးစစ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြံ့ကြံ့ခံကာကွယ် ခုခံ လျက်ရှိပြီးယနေ့ ဇွန်လ ၁၀ ရက်နေ့အထိ ကလေးမြို့နယ်အတွင်းရှိ အရှေ့ခုံသာကျေးရွာဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ “မနေ့ကနေ ဒီနေ့အထိတော့ အရှေ့ခုံသာနဲ့ ၅၅ မိုင်အနီးမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ၊ ဒရုန်းဗုံးသီး ချတာတွေ သုံးပြီးတော့ တက်လာတာပါ” ဟု မြေပြင်ရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက PSM ကို ပြောသည်။ စစ်အုပ်စုက ယခုကဲ့သို့ အသည်းအသန် စစ်ကြောင်းထိုးလာရခြင်းမှာ အိန္ဒိယနယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်း တစ်ခုလုံးကို ပြန်လည်စိုးမိုးရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဗျူဟာ မြောက် ခမ်းပတ်မြို့ကို ပြန်လည်ရရှိရေးတို့အတွက် ဖြစ်ကြောင်း သိရသည်။ “ခမ်းပတ်မြို့ ပြန်လည်ရရှိရေးနဲ့ နယ်စပ်လမ်းကြောင်း ပြန်လည်ထိန်းချုပ်နိုင်ရေးက သူတို့ရဲ့ အဓိကပန်းတိုင်ပါပဲ” ဟု PDF တပ်ဖွဲ့ဝင်က ဆိုသည်။ ယခုစစ်ကြောင်းထိုးလာသည့် စစ်အုပ်စုစစ်ကြောင်းတွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရကို ပုန်ကန် နေသည့် ကသည်းသူပုန်များ၊ နာဂသူပုန်များနှင့် ကချင်-စစ်ကိုင်းအခြေစိုက် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တို့ ပူးပေါင်းကာ ပါဝင်တိုက်ခိုက်ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “သူတို့စစ်ကြောင်းထဲမှာ ကသည်းတွေပါတယ်။ ကသည်းရယ်၊ SNA ရယ်၊ နာဂရယ် ပါတယ်။ အဲဒါကတော့ တမူးဘက်ကနေ ပူးပေါင်းလာတာ။ ကျွန်တော်တို့ဘက် (ကလေးမြို့နယ်အထွက်) မှာတော့ ကသည်းသူပုန်တွေပဲ အဓိကပါဝင်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ စစ်အုပ်စု၏ စစ်ကြောင်းအတွင်း ပူးပေါင်းပါဝင်ကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ပေးနေသည့် ကသည်းနှင့် နာဂသူပုန်အဖွဲ့များ၏ အင်အားအရေအတွက်နှင့် အဖွဲ့အမည်အသေးစိတ်တို့ကို PSM News က ဆက်လက်စုံစမ်းလျက်ရှိသည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်းများနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်ရှိ ဗျူဟာမြောက် ခမ်းပတ် မြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကတည်းက တိုက်ခိုက်သိမ်းပိုက်ကာ ယနေ့တိုင် ထိန်းချုပ် ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း) Post navigation ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ အလုပ်အကိုင် အခွင့်အလမ်းရရှိလာ မြစ်ခြေတွင် ပြည်သူများကို မီးရှို့သတ်ခဲ့သည့် စစ်အုပ်စုကို လက်တုံ့ပြန်သည့်အနေဖြင့် ရဲစခန်းကို ၁ နာရီ အတွင်း သိမ်းပိုက်