PSM(News)

မတ် ၁၀၊၂၀၂၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်မှ တပ်သားသစ် သုး ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ယင်းမာပင်ခရိုင် စစ်ဌာနကွပ်ကဲရေးမှူး ဗိုလ်စွမ်းက ရုပ်သံဖိုင်ဖြင့်တကွ အတည်ပြုထုတ်ပြန်ထားသည်။

အဆိုပါ တပ်သားသစ်များသည် မတ် ၁ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် PDF တပ်ဖွဲ့များထံ အသီးသီး အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-1 သေနတ် နှစ် လက်၊ M-4 အောက်တွဲ သေနတ် တစ် လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တစ် လုံးနှင့် နင်းမိုင်း နှစ် ခုတို့ ပါဝင်ကြောင်း သိရသည်။

“ပူးပေါင်းလာတဲ့ ရက်ပိုင်းအတွင်းမှာ စိတ်ချမ်းသာမှုရှိပါတယ်။ ရှေ့တန်းမှာ တပ်ရင်းမှူးကအစ ကိုယ့်အရိပ်ကိုယ် ပြန်လန့်နေရတာပါ။ စစ်တပ်က ခြောက်လှန့်ထားသလိုမျိုး မဟုတ်ဘဲ PDF တပ်တွေက နွေးထွေးစွာ ကြိုဆိုပါတယ်။ အလင်းဝင်ဖို့ ကျန်နေသေးသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု အလင်းဝင်လာသည့် တပ်သားသစ်များက ရုပ်သံဖိုင်တွင် ဖြေကြားထားသည်။

ထိုပြင် အလင်းဝင်ရောက်လာသူ သုံး ဦးကို ယင်းမာပင်ခရိုင် စစ်ဌာနအနေဖြင့် သတ်မှတ်ထားသည့် ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဗိုလ်စွမ်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ကော်မရှင်၏ တပ်သားသစ်များ လက်နက်နှင့်တကွ အလင်းဝင်ရောက်မှုမှာ တော်လှန် ရေးအင်အားစုများ၏ ဖိအားပေးမှုနှင့်အတူ စစ်ကော်မရှင်တပ်အတွင်း စိတ်ဓာတ်ရေးရာ ကျဆင်းလာမှု ကို ပြသနေခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ- ဗိုလ်စွမ်း

#PSM_News

#အလင်းဝင်

#ပုလဲ

#တပ်သားသစ်

By Htet Ko