PSM(NEWS)

မတ် ၉ ၊ ၂၀၂၆

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘေဂျင်းသည် အာရှဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံ၏ နှစ်ရှည်လများ ကျင့်သုံးလာခဲ့သည့် မူဝါဒကို အလေးပေး ပြောကြားခဲ့သည်။

မတ်လ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယိက တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကို ၎င်း၏ သံတမန်ရေးရာ အစီအစဉ်တွင် ဦးစားပေးထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် “ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှုနှင့် အားလုံးပါဝင်မှု” ဟူသော မူဝါဒသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်း သံတမန်ရေးရာ၏ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ ရှိနေသော်လည်း အာရှဒေသသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး လျင်မြန်သော စီးပွားရေးတိုးတက်မှုကို ရရှိခဲ့ကြောင်း ဝမ်ယိက ထောက်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို ဤဒေသက ပံ့ပိုးပေးနိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်း ကြိုးပမ်းမှုကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေသတွင်း နိုင်ငံများအကြားရှိ နိုင်ငံရေးအရ အပြောင်းအလဲများနှင့် သမိုင်းကြောင်းဆိုင်ရာ ပြဿနာများကို အသိအမှတ်ပြုသော်လည်း၊ အိမ်နီးချင်းကောင်း ပီသရေးနှင့် အပြန်အလှန် အကျိုးရှိစေမည့်ပူးပေါင်း ဆောင်ရွက်မှုများသည် မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသည် “ဒေသတွင်း လုံခြုံရေးအတွက် အားကိုးရာ ဖြစ်သလို၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအတွက် အင်ဂျင်တစ်လုံးဖြစ်ပြီး၊ အာရှနိုင်ငံများ၏ တူညီသော တန်ဖိုးထားမှုများကို ထိန်းသိမ်းသူဖြစ်သည်” ဟု ဝမ်ယိက ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုးကား Khaosod

#ဝမ်ယိ

#အာရှဒေသတွင်း_ငြိမ်းချမ်းရေး

#အဓိကအခန်းကဏ္ဍ_ပါဝင်

#အိမ်နီးချင်းနိုင်ငံ

#သံတမန်ရေးရာ_ဦးစားပေး

#PSM_News

By Htet Ko