PSM(News)

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၁၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်-ပကဖ) က ထုတ်ပြန်သည်။

ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော တပ်မ(၉၉)နှင့် ပျူစောထီး ပူပေါင်းအင်အား ၃၀၀ခန့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက စတင်၍ ပေါက်တောင်ပိုင်း သီးချောက်ရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက် ၇ နာရီမှ ညနေ ၅ နာရီ ၃၅ မိနစ်အထိ ကြာမြင့်ခဲ့သော အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင် ဘက်မှ ထိခိုက်သေဆုံးမှု များပြားသဖြင့် လေကြောင်းပစ်ကူ နှစ်ကြိမ်အပြင် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရသည်။ ထို့ပြင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကလည်း ၈၁ မမ လက်နက်ကြီးများဖြင့် လေးကြိမ်တိုင်တိုင် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများအပါအဝင် စစ်ကော်မရှင်အင်အား ၁၇၀ ခန့်သည် ကပစ-၂၄ သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ် လိုက်လံတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပေါက်မြို့အနီးရှိ ပေါက်ချောင်းအောက်စုရွာတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကော်မရှင်ဘက်မှ ၁၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သဖြင့် ပေါက်မြို့ဆေးရုံတွင် ဆေးကုသမှုများ လုပ်ဆောင်နေပြီး လူနာများပြားလွန်းသဖြင့် မြို့ခံပြည်သူများ ဆေးရုံအတွင်း ဝင်ရောက်ခြင်းမပြုရန် ပိတ်ပင်ထားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကို ပေါက် ပကဖနှင့် မြိုင် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ နှစ်ကြိမ်အတွင်း ရဲဘော်တစ်ဦး လေယာဥ်ဗုံးစထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-မြိုင်ပကဖ

#ပေါက်မြို့နယ်တောင်ပိုင်း

#စစ်ကော်မရှင်စစ်ကြောင်း

#တိုက်ပွဲ၂ကြိမ်

#၁၈ဦးသေ

#PSM_News

By Htet Ko