မောင်မောင်ကဲ/PSM(News) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ရပ် များကို အာဆီယံအပါအဝင် နိုင်ငံတကာက ပြတ်ပြတ်သားသား ငြင်းပယ်ထားသော်လည်း စစ်ခေါင်းဆောင်ကမူ ၎င်းတို့၏ ရွေးကောက်ပွဲကို မြန်မာပြည်သူများ တခဲနက် ထောက်ခံအားပေး ခဲ့ကြောင်း မရှက်တမ်း ပြောဆိုခဲ့သည်။ စစ်ခေါင်းဆောင်သည် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်တွင် ၎င်းခန့်အပ်ထားသည့် စစ်ကော်မရှင် (UEC) နှင့် တိုင်း/ပြည်နယ် ဝန်ကြီးချုပ်များကို တွေ့ဆုံခဲ့ပြီး “ရွေးကောက်ပွဲ၌ ပြည်သူများ တက်ကြွစွာ မဲပေးခြင်းသည် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးဆောင်ရွက်ချက်များကို ထောက်ခံခြင်းပင် ဖြစ်သည်” ဟု ဝါဒဖြန့် ပြောဆိုခဲ့သည်။ စစ်ခေါင်းဆောင်က တစ်နိုင်ငံလုံးတွင် မဲပေးသူ ၁၃ သန်းကျော် ရှိခဲ့သဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲသည် အောင်မြင်သည်ဟု ပြောဆိုခဲ့သော်လည်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုကမူ “စစ်တပ်၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း” ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်က စင်ကာပူနိုင်ငံတွင် ပြောကြားခဲ့သည်။ စစ်ကော်မရှင်သည် ပြည်သူလူထုက ရွေးချယ်ထားသည့် ခေါင်းဆောင်များကို ဖမ်းဆီး၍ တစ်ဖက်သတ် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကျင်းပရာတွင်လည်း မဲပေးရန် ခြိမ်းခြောက်ဖိအားပေးမှုများ၊ အငြင်းပွားဖွယ် ကြိုတင်မဲ သာလွန်မှုများဖြင့် ၎င်းတို့၏ လက်ဝေခံ ကြံခိုင်ရေးပါတီ အနိုင်ရရန် ဇာတ်တိုက်ဖန်တီးခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံး ပိုင်းခွဲ ကျင်းပခဲ့သော်လည်း ရွေးကောက်ပွဲလုံး၀ ကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ပေါင်း ၆၅ မြို့နယ်အထိ ရှိခဲ့သည်။ သို့သော်လည်း စစ်ခေါင်းဆောင်ကမူ ၎င်းတို့၏ ရွေးကောက်ပွဲသည် ဂျပန်နှင့် ပြင်သစ်ကဲ့သို့သော ဒီမိုကရေစီနိုင်ငံများထက်ပင် မဲပေးနှုန်း ပိုများကြောင်း နှိုင်းယှဉ်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ခေါင်းဆောင်က ယင်းအတုအယောင် ရလဒ်များဖြင့် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်း နေသော်လည်း အနောက်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကမူ အသိအမှတ်ပြုထားခြင်း မရှိဘဲ မြန်မာပြည်သူများ၏ ဆန္ဒအစစ်အမှန် ပါဝင်ခြင်းမရှိသည့် ရွေးကောက်ပွဲအဖြစ်သာ သတ်မှတ် ထားသည်။ လက်ရှိတွင် စစ်ခေါင်းဆောင်က အတုအယောင်ရွေးကောက်ပွဲ ရလဒ်များဖြင့် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း နိုင်ငံတကာကမူ အသိအမှတ်ပြုထားခြင်းမရှိပေ။ #စစ်ခေါင်းဆောင် #ရွေးကောက်ပွဲအတု #အာဆီယံ #အသိအမှတ်ပြုထားခြင်းမရှိ #ပြည်သူများထောက်ခံ #PPSM_News Post navigation ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကော်မရှင်ဘက်မှ ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ၂၀၂၆ ခုနှစ်သည် မြန်မာ့တော်လှန်ရေး အောင်ပွဲခံမည့်နှစ် ဖြစ်လာနိုင်ဟု ဒေါက်တာဆာဆာ ပြောကြား