PSM(NEWS)

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆

အီရန်အစိုးရသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမ္မဒီ အား အစာငတ်ခံဆန္ဒပြမှု စတင်ပြီးနောက် ထောင်ဒဏ် ၇ နှစ်ကျော် ထပ်မံချမှတ်လိုက်ကြောင်း သူမ၏ ထောက်ခံသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါလုပ်ရပ်သည် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများအပြီးတွင် အတိုက်အခံများကို အီရန်အစိုးရက အပြင်းအထန် နှိမ်နင်းနေခြင်းလည်း ဖြစ်သည်။

မိုဟာမ္မဒီအပေါ် ပြစ်ဒဏ်အသစ်ချမှတ်မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးအရ တိုက်ခိုက်မည့် ခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ရန် အီရန်က အမေရိကန်နှင့် နျူကလီးယားအရေး ဆွေးနွေးရန် ကြိုးပမ်းနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မာရှတ်မြို့ရှိတော်လှန်ရေးတရားရုံးက မိုဟာမ္မဒီအား ‘စုဝေးမှုနှင့်ပူးပေါင်းကြံစည်မှု’ အတွက် ထောင်ဒဏ် ၆ နှစ်၊ ‘ဝါဒဖြန့်မှု’ အတွက် ထောင်ဒဏ် ၁ နှစ်ခွဲနှင့် ခရီးသွားလာခွင့် ၂ နှစ် ပိတ်ပင်ခဲ့ကြောင်း သူမ၏ရှေ့နေ မော်စတာဖာ နီလီ က အတည်ပြုခဲ့သည်။

မိုဟာမ္မဒီသည် ဖေဖော်ဝါရီ ၂ ရက်နေ့မှစ၍ အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးနှင့် နိုင်ငံရေး တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ က အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ပိုင်ခွင့်ရှိရမည်ဟု ဆိုကာ တင်းမာသော ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

၎င်းက အီရန်၏ အစစ်အမှန်စွမ်းအားသည် “အင်အားကြီးနိုင်ငံများကို ငြင်းပယ်ဝံ့သည့် စွမ်းအား” ပင်ဖြစ်သည်ဟု အလေးအနက် ပြောဆိုခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ဖိအားပေးရန်အတွက် အေဘရာဟမ် လင်ကွန်း လေယာဉ်တင်သင်္ဘောအုပ်စုနှင့် စစ်သင်္ဘောများကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ကာ စစ်ရေးအရ အင်အားပြသလျက် ရှိသည်။

ယင်းကဲ့သို့ စစ်ရေးအရ ထိပ်တိုက်တွေ့နိုင်သည့် အခြေအနေများအကြား အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု သည်လည်း ယခုအပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်ရန် ရှိနေသည်။ ၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံကာ အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား AP

#နျူကလီးယားဆွေးနွေးပွဲ

#နိုဘယ်လ်ဆုရှင်

#နာဂတ်စ်_မိုဟာမ္မဒီ

#အီရန်

#အစာငတ်ခံဆန္ဒပြ

#ထောင်ဒဏ်_၇_နှစ်_ထပ်မံချမှတ်

#PSM_News

By Htet Ko