PSM (NEWS)

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆

တက္ကဆက်ပြည်နယ်မှ စတင်ခဲ့သည့် ၁၅ ပတ်ကြာ “ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်” ကို ဦဆောင်ခဲ့သည့် ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းတော် ၁၉ ပါးသည် ဖေဖော်ဝါရီ ၁၀ ရက် (အင်္ဂါနေ့) တွင် ဝါရှင်တန်ဒီစီသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်။

ရဟန်းတော်များသည် ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့ရှိ မေရီမောင့် တက္ကသိုလ်တွင် တနင်္လာနေ့ညက တည်းခိုခဲ့ပြီးနောက် အင်္ဂါနေ့ နံနက် ၈ နာရီခွဲခန့်တွင် ပိုတိုမက်မြစ်ကူး ချိန်းတံတားကို ဖြတ်ကျော်ကာ ဝါရှင်တန်ဒီစီအတွင်းသို့ ကြွရောက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းခရီးဖြင့် တစ်နိုင်ငံလုံး စိတ်ဝင်စားမှုရရှိခဲ့သည့် ခရီးစဉ်သည် အဆုံးသတ်သို့ ရောက်ရှိခဲ့သည်။

ခရီးစဉ်တစ်လျှောက်တွင် ရဟန်းတော်များနှင့်အတူ ကယ်ဆယ်ကျွေးမွေးထားသည့် “အလောက” အမည်ရှိ ခွေးလေးလည်း ပါဝင်ခဲ့ပြီး လူမှုကွန်ရက်များပေါ်တွင် လူသိများရေပန်းစားခဲ့သည်။

ရဟန်းတော်များ၏ ငြိမ်းချမ်းရေးသတင်းစကားသည် နိုင်ငံရေးကွဲပြားမှုများနှင့် ပဋိပက္ခများ ကြားထဲရှိ အမေရိကန်ပြည်သူများအတွက် အားပေးသံတစ်ခုအဖြစ် ပဲ့တင်ထပ်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့သည့် ခရီးစဉ်အတွင်း လမ်းတစ်လျှောက်ရှိ မြို့များတွင် ထောင်ပေါင်းများစွာသော ပြည်သူများက အေးချမ်းသည့် ရာသီဥတုအောက်တွင်ပင် စုရုံးကြိုဆိုခဲ့ကြသည်။

“ဘုန်းကြီးတို့ရဲ့ မျှော်လင့်ချက်ကတော့ ဒီခရီးစဉ်ပြီးဆုံးသွားတဲ့အခါ ဘုန်းကြီးတို့နဲ့ ဆုံတွေ့ခဲ့တဲ့သူတွေဟာ သတိပဋ္ဌာန်တရားကို ဆက်လက်ပွားများပြီး ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ကြဖို့ပါပဲ” ဟု ခရီးစဉ်တစ်လျှောက် သတိပဋ္ဌာန်တရားများကို ဟောကြားခဲ့သည့် အဖွဲ့ခေါင်းဆောင် အရှင်ပညာကရက မိန့်ကြားခဲ့သည်။

ဝါရှင်တန်ရှိ အမေရိကန်တက္ကသိုလ်၏ Bender Arena အားကစားရုံတွင် ရဟန်းတော်များကို ကြိုဆိုရန် လူပေါင်း ၃,၅၀၀ ခန့် စုရုံးခဲ့ကြသည်။ သို့သော် အားကစားပြိုင်ပွဲများကဲ့သို့ ဆူညံခြင်းမရှိဘဲ ငြိမ်သက်စွာ အရိုအသေပေးကြိုဆိုခဲ့ကြခြင်းမှာ ယင်းခရီးစဉ်၏ အဓိပ္ပာယ်ကို ပိုမိုထင်ဟပ်စေခဲ့သည်။

ယင်းခရီးစဉ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့တ်မြို့ရှိ ဟောင်ဒေါ ဝိပဿနာ ဘာဝနာစင်တာမှ စတင်ခဲ့ခြင်းဖြစ်ပြီး မိုင်ပေါင်း ၂,၃၀၀ (ကီလိုမီတာ ၃,၇၀၀) ခန့် လမ်းလျှောက်ခဲ့ကြသည်။ ရဟန်းတော်များသည် ကမ္ဘာတစ်ဝန်းရှိ ကျောင်းတိုက်များမှ လာရောက်ပူးပေါင်းခဲ့သည့် ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းတော်များ ဖြစ်သည်။

အရှင်ပညာကရနှင့် အဖွဲ့သည် ယနေ့တွင် လမ်းလျှောက်ခြင်း ၁၀၈ ရက်မြောက်နေ့ကို ပြည့်မြောက်ခဲ့ကြောင်း သိရသည်။ ဂဏန်း ၁၀၈ သည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့တွင် ဝိညာဉ်ရေးရာ ပြည့်စုံမှုနှင့် စကြဝဠာအစဉ်အလာကို ကိုယ်စားပြုသည့် အထင်ကရဂဏန်းတစ်ခုလည်း ဖြစ်သည်။

ရဟန်းတော်များသည် ဝါရှင်တန်တွင် နှစ်ရက်ကြာ သီတင်းသုံးမည်ဖြစ်ပြီး ဥပဒေပြုအမတ်များထံသို့ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) ကို အမေရိကန်၏ အမျိုးသားရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုတင်ပြရန် စီစဉ်ထားသည်။ သို့သော် ယင်းသည် ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မဟုတ်ကြောင်းလည်း အရှင်ပညာကရက မိန့်ကြားခဲ့သည်။

ဝါရှင်တန်ခရီးစဉ်ပြီးဆုံးပါက ရဟန်းတော်များသည် ဘတ်စ်ကားဖြင့် တက္ကဆက်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး စနေနေ့တွင် ဖော့တ်ဝေါ့တ်မြို့လယ်မှ စတင်ကာ ၎င်းတို့ ခရီးစတင်ရာ ကျောင်းတိုက်သို့ ၆ မိုင်ခန့် နောက်ဆုံးအကြိမ် လမ်းလျှောက်ကြွရောက်ကာ ခရီးစဉ်ကို တရားဝင် ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား – AP

By Htet Ko