PSM(NEWS)

ဖေဖော်ဝါရီလ ၁၀ ၊၂၀၂၆

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ကန့်သတ်တားမြစ်မိန့်ကို ချိုးဖောက်သည့် သင်္ဘောတစ်စင်းအား ညတွင်းချင်းပင်အောင်မြင်စွာ တက်ရောက်စီးနင်းနိုင်ခဲ့ကြောင်း တနင်္လာနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ X လူမှုကွန်ရက်စာမျက်နှာဖော်ပြချက်အရ အဆိုပါ Aquila II အမည်ရှိ သင်္ဘောအား ကာရစ်ဘီယံပင်လယ် မှသည် အိန္ဒိယသမုဒ္ဒရာ အထိ အမေရိကန်တပ်ဖွဲ့များက ရေမြေခြား လိုက်လံခြေရာခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကန့်သတ်တားမြစ်မှုလို့ ကြေညာပြီးရင် ဒါကို အလေးအနက် အကောင်အထည်ဖော်တာပါ။ ကမ္ဘာ့အခြားတစ်ဖက်က သမုဒ္ဒရာတွေမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိတို့နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုကို ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်ပါဘူး။

အမေရိကန်စစ်တပ်ဟာ အိန္ဒိယ-ပစိဖိတ် စစ်ဌာနချုပ် နယ်မြေအတွင်းမှာ Aquila II သင်္ဘောကို နိုင်ငံတကာဥပဒေအရ ဝင်ရောက်စစ်ဆေးခြင်းနဲ့ ပိတ်ဆို့စီးနင်းခြင်းတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာန၏ ပို့စ်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ပြတ်သားသော သတိပေးချက် ၊ အဆိုပါထုတ်ပြန်ချက်တွင် ဒေါ်နယ်ထရမ့် အစိုးရ၏ မူဝါဒကို အလေးပေးဖော်ပြထားပြီး – “ဒီသင်္ဘောဟာ ကာရစ်ဘီယံဒေသမှာရှိတဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ သင်္ဘောတွေအပေါ် သမ္မတက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖီဆန်ခဲ့တာပါ။ သူတို့ ထွက်ပြေးဖို့ ကြိုးစားပေမယ့် ကျွန်တော်တို့ နောက်ယောင်ခံ လိုက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ အမေရိကန်လိုမျိုး နယ်ပယ်အားလုံးမှာ မိမိတို့ရဲ့ အာဏာစက်ကို သက်ရောက်အောင် လုပ်နိုင်စွမ်း မရှိပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့လက်ကနေ လွတ်အောင်မပြေးနိုင်ခင်မှာပဲ ခင်ဗျားတို့ဆီက လောင်စာဆီတွေ အရင်ကုန်သွားပါလိမ့်မယ်” ဟု ဆက်လက်သတိပေးထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်၏ အာဏာစက်ကို ရေကြောင်းနယ်ပယ်တွင် စိန်ခေါ်ရန် ကြိုးပမ်းသည့် မည်သည့်တရားမဝင် လှုပ်ရှားသူများကိုမဆို ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ကိုးကား Fox News

#အမေရိကန်

#ရေနံတင်သင်္ဘော

#ကန့်သတ်တားမြစ်ချက်

#ကာရစ်ဘီယံပင်လယ်

#အာဏာစက်

#PSM_News

By Htet Ko