PSM (NEWS)

ဇူလိုင် ၁၊၂၀၂၆

လက်ရှိတွင် အမေရိကန်သံတမန်များဖြစ်ကြသည့် စတိဗ် ဝစ်ကော့ဖ် နှင့် ဂျာရက် ကုရှ်နာတို့သည် အရှေ့အလယ်ပိုင်းပဋိပက္ခအား အဖြေရှာရန်အတွက် ကာတာနိုင်ငံ၌ ကြားဝင်စေ့စပ်သူများနှင့် ဆွေးနွေးလျက်ရှိသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ပိတ်မိနေခဲ့သော အီရတ်နိုင်ငံ၏ ရေနံများသည် အမေရိကန်-အီရန်ကြား အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းကာ လွန်ခဲ့သည့် ၁၀ ရက်အတွင်း ပင်လယ်ကွေ့မှ ထွက်ခွာနိုင်ခဲ့ပြီဖြစ်သည်။

Bloomberg ၏ သင်္ဘောခြေရာခံ အချက်အလက်များအရ ဇွန်လနှောင်းပိုင်းတွင် ရေနံစည်ပေါင်း ၁၄ သန်းခန့် တင်ဆောင်ထားသည့် သင်္ဘောများသည် ပင်လယ်ကွေ့မှ ထွက်ခွာလာနိုင်ခဲ့ပြီး အာရှ၊ ဥရောပနှင့် အမေရိကန်ရှိ ဝယ်လက်များထံသို့ ပို့ဆောင်နေပြီဖြစ်သည်။ ယင်းပမာဏမှာ ၁၀ ရက်တာကာလအတွင်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၄ သန်းခန့်ရှိသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်၍ တင်ဆောင်ထားပြီး ပင်လယ်ကွေ့အတွင်း ပိတ်မိနေခဲ့သော ကုန်တင်သင်္ဘောအားလုံးသည် ၎င်းတို့၏ ခရီးစဉ်အတိုင်း ဦးတည်သွားနေပြီဖြစ်ကြောင်း အချက်အလက်များက ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု၏ ငါးပုံတစ်ပုံနီးပါးကို ဖြတ်သန်းရာ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လုနီးပါးဖြစ်စေခဲ့သောကြောင့် သင်္ဘောရာပေါင်းများစွာ ပိတ်မိခဲ့ရသည်။

ယခုအခါ ရေရှည်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရန် အမေရိကန်နှင့် အီရန်တို့က ရန်လိုမှုများကို ခေတ္တရပ်ဆိုင်းရန် သဘောတူညီခဲ့ပြီးနောက် ရေကြောင်းသွားလာမှုများ ပြန်လည်စတင်လာပြီဖြစ်သည်။

ကိုးကား-SCMP

By Htet Ko