PSM (News)

ဩဂုတ် ၁၊၂၀၂၆

စပိန်နိုင်ငံ ဆူတာမြို့နယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက်အပြုံလိုက် ဝင်ရောက်မှု ပြန်လည်ကျဆင်းသွားပြီဖြစ်သည်။ဝင်ရောက်လာသူထက်ဝက်ခန့်မှာမူဆန္ဒအလျောက်ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း စပိန်အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ကြာသပတေးနေ့ မနက်ပိုင်းမှစတင်၍ လူပေါင်း ၅၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လူပေါင်း ၂၅,၀၀၀ ခန့်မှာမူ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ခန့်မှန်းဖော်ပြခဲ့သည်။ သို့သော် ဒေသန္တရအစိုးရ တာဝန်ရှိသူများကမူ လူပေါင်း ၆၀,၀၀၀ အထိ ဝင်ရောက်ခဲ့ပြီး လူ ၃၄ ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဝင်ရောက်မှုမှာ နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မော်ရိုကိုနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရားမဝင် ဝင်ရောက်လာသူများကို ပြည်နှင်ဒဏ်ပေးသည့် လုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း တုံ့ပြန်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဥရောပသမဂ္ဂအတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့ပြီး ပြင်သစ်နိုင်ငံက စပိန်နယ်စပ်တွင် စစ်ဆေးမှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သလို၊ အီတလီနိုင်ငံကလည်း စပိန်နိုင်ငံအား ရှန်းဂျင် သဘောတူညီချက်ဇုန်မှ ခေတ္တရပ်ဆိုင်းရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ရှန်းဂျင်သဘောတူညီချက်ဇုန်သည်ဥရောပနိုင်ငံများအချင်းချင်း နယ်စပ်ဖြတ်ကျော်ရာတွင် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများ မပါရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ကြရန် သဘောတူလက်မှတ်ရေးထိုးထားကြသည့် ဥရောပဒေသနယ်မြေအုပ်စု ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko