PSM (News)

ဩဂုတ် ၁၊၂၀၂၆

ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းဖြစ်သော Ozon သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် တာတန်စတန်ဒေသ၊ ဇီလီနိုဒေါ့စ်ခ် မြို့ရှိ ၎င်းတို့၏ ဂိုဒေါင်ကို ယူကရိန်း၏ ဒရုန်းအန္တရာယ် သတိပေးချက်ကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ယူကရိန်းဒရုန်း သတိပေးချက်ကြောင့် Ozon ဂိုဒေါင်ကို ဝန်ထမ်းများ အမြန်စွန့်ခွာခဲ့ရသည်။လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ ဂိုဒေါင် အဆောက်အအုံလည်း ထိခိုက်ပျက်စီးခြင်း မရှိခဲ့သဖြင့် လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ စီးပွားရေးအတွက် အရေးပါသော အဓိကပြိုင်ဘက် Wildberries ကုမ္ပဏီ၏ ဂိုဒေါင်များကို ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက အကြိမ်များစွာ တိုက်ခိုက်ခဲ့သည်။

ယူကရိန်းဒရုန်းတပ်ဖွဲ့မှူး ရိုဘတ် ဘရော့ဗ်ဒီက Ozon ကို ရည်ညွှန်းဟန်တူသည့် “အိုဇုန်းဓာတ်ပါဝင်မှု ပမာဏသည် အရေးကြီးသည့် အတိုင်းအတာကို ကျော်လွန်နေပြီ” ဟု တယ်လီဂရမ်တွင် စာတိုရေးသားခဲ့သည်။

ဥရောပသမဂ္ဂသည် Ozon နှင့် Wildberries တို့၏ ငွေကြေးဆိုင်ရာ ဌာနခွဲများကို ဇူလိုင်လ ၂၄ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

ကိုးကား-Reuters

By Htet Ko