PSM (NEWS)
ဖေဖော်ဝါရီ ၁၊ ၂၀၂၆

မလေးရှားရေပိုင်နက်အတွင်း တရားမဝင် သင်္ဘောအချင်းချင်း ရေနံလွှဲပြောင်းနေသည်ဟု သံသယရှိသည့် ရေနံတင်သင်္ဘော နှစ်စင်းကို ဖမ်းဆီးခဲ့ပြီး ကာလတန်ဖိုး ရင်းဂစ် ၅၁၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၂၉.၉ သန်း) တန်ဖိုးရှိ ရေနံစိမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း မလေးရှား ပင်လယ်ရေကြောင်း အစိုးမိုးရေးအေဂျင်စီ (MMEA) က စနေနေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ဖမ်းဆီးမှုကို ပြီးခဲ့သည့်အပတ်အတွင်း ပီနန်းပြည်နယ်၊ မူကာဟတ်ဒ် (Mukah Head) ၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်ခန့် အကွာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် လွှဲပြောင်းနေသည့် ရေနံစိမ်းများ၏ မူရင်းထွက်ရှိရာ နိုင်ငံကိုမူ ယခုအချိန်အထိ အသေးစိတ် ထုတ်ဖော်ကြေညာထားခြင်း မရှိသေးပေ။

MMEA ၏ ထုတ်ပြန်ချက်အရ အာဏာပိုင် ကင်းလှည့်ရေယာဉ်များ ချဉ်းကပ်လာသည်ကို တွေ့ရှိချိန်တွင် သင်္ဘောသားများက ရေနံလွှဲပြောင်းမှုကို ချက်ချင်း ရပ်နားကာ ထွက်ပြေးရန် ကြိုးစားခဲ့ကြကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် သင်္ဘောနှစ်စင်းပေါ်တွင် နိုင်ငံစုံမှ သင်္ဘောသား အယောက် ၅၀ ကျော် ပါဝင်ခဲ့ပြီး ၎င်းတို့အား လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နိုင်ရန် အာဏာပိုင်များက ထိန်းသိမ်းထားရှိနေသည်ဟု သိရသည်။

အဆိုပါ သင်္ဘောသားများသည် မလေးရှားနိုင်ငံ၏ ၁၉၅၂ ခုနှစ် ကုန်သွယ်ရေကြောင်း အက်ဥပဒေ အရ ခွင့်ပြုချက်မရှိဘဲ သင်္ဘောအချင်းချင်း ကုန်စည်လွှဲပြောင်းမှု ပြုလုပ်ခဲ့သည်ဟု သံသယရှိသဖြင့် တရားစွဲဆို အရေးယူခံရဖွယ် ရှိနေကြောင်းလည်း MMEA က ပြောကြားသည်။

မလေးရှားရေပိုင်နက်နှင့် အနီးတဝိုက် ဒေသများသည် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု ခံထားရသည့် နိုင်ငံများမှ ရေနံများ၏ မူရင်းဇာစ်မြစ်ကို ဖုံးကွယ်ရန် သင်္ဘောအချင်းချင်း လွှဲပြောင်းမှုများ ပြုလုပ်လေ့ရှိသည့် နေရာအဖြစ် နာမည်ကြီးလာနေသည်ဟု လုံခြုံရေးအကဲခတ်များက ဆိုသည်။

ပြီးခဲ့သည့် နှစ်များအတွင်း မလေးရှားနှင့် အင်ဒိုနီးရှား ရေပိုင်နက်များတွင် ယခုကဲ့သို့ “မှောင်ခိုရေနံ” လွှဲပြောင်းမှုများ ပိုမိုများပြားလာနေသဖြင့် အာဏာပိုင်များက ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးမှုများကို ယခင်ကထက် တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုးကား – Reuters

မလေးရှားရေပိုင်နက်

တရားမဝင်_ရေနံလွှဲပြောင်းမှု

သင်္ဘောနှစ်စင်း

ဖမ်းဆီးရမိ

PSM_News

By Htet Ko