PSM (NEWS)
ဖေဖော်ဝါရီ ၁၊ ၂၀၂၆

အဖွဲ့ဝင်နိုင်ငံများက ပေးသွင်းရန်ရှိသည့် ထည့်ဝင်ကြေးများကို မပေးသွင်းခြင်းနှင့် အသုံးမပြုရသေးသည့် ရန်ပုံငွေများကို ပြန်လည်ပေးအပ်ရမည်ဆိုသည့် ခေတ်မမီတော့သော ဘဏ္ဍာရေးစည်းမျဉ်းများကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးသည် မကြာမီကာလအတွင်း “ဘဏ္ဍာရေးဆိုင်ရာ ပြိုလဲမှု” နှင့် ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်သည်။

ရိုက်တာသတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည့်အဆိုပါ သတိပေးချက်သည် ကုလသမဂ္ဂ ရင်ဆိုင်နေရသည့် ငွေကြေးလည်ပတ်မှု အကျပ်အတည်းနှင့် ပတ်သက်၍ ဂူတာရက်စ်၏ အရေးတကြီးဆုံး ထုတ်ဖော်ပြောကြားချက်များထဲမှ တစ်ခုဖြစ်သည်။

ဂူတာရက်စ်သည် ယခင်ကတည်းက ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာနေကြောင်း အစဉ်တစိုက် သတိပေးခဲ့သော်လည်း ယခုအခါ အဆိုပါအကျပ်အတည်းသည် မရှိမဖြစ်လိုအပ်သော ကုလသမဂ္ဂအစီအစဉ်များကိုပါ ခြိမ်းခြောက်လာနေပြီး အဖွဲ့အစည်းတစ်ခုလုံး ဘဏ္ဍာရေးအရ ပြိုလဲသွားနိုင်သည့် အန္တရာယ်အဆင့်သို့ ရောက်ရှိလာနေကြောင်း အလေးပေး ပြောကြားခဲ့သည်။

သောကြာနေ့က သံအမတ်များထံ ပေးပို့ခဲ့သည့် သူ၏စာသည် အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂသို့ ထောက်ပံ့မှုများကို လျှော့ချနေသည့် အခြေအနေများအပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။

အထူးသဖြင့် ကုလသမဂ္ဂအေဂျင်စီများသို့ စေတနာအလျောက် ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းနှင့် ပုံမှန်ဘတ်ဂျက်နှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဘတ်ဂျက်များအတွက် မဖြစ်မနေပေးသွင်းရမည့် ငွေကြေးများကို ဆိုင်းငံ့ထားခြင်းတို့ကြောင့် အဖွဲ့အစည်း၏ ငွေကြေးလည်ပတ်မှု ပိုမိုတင်းကျပ်လာနေသည်ဟု သိရသည်။

ကုလသမဂ္ဂ၏ ပုံမှန်ဘတ်ဂျက်တွင် သမိုင်းတစ်လျှောက် အများဆုံးဖြစ်သည့် ၂၂ ရာခိုင်နှုန်းအထိ ပါဝင်ပံ့ပိုးခဲ့သည့် အမေရိကန်သည် လက်ရှိတွင် ရန်ပုံငွေများကို ဆက်တိုက် ဖြတ်တောက်လျက်ရှိသည်။

သမ္မတ ဒေါ်နယ် ထရမ့်ကလည်း ကုလသမဂ္ဂသည် “ကောင်းမွန်သည့် အလားအလာ” ရှိသော်လည်း မိမိ၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ မထမ်းဆောင်နိုင်ကြောင်း ဝေဖန်ပြောကြားထားသည်။

ထို့အပြင် အမေရိကန်က “Board of Peace” ဟု အမည်ပေးထားသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့သစ်တစ်ခုကို တည်ထောင်ထားပြီး ယင်းအဖွဲ့အစည်းသည် လက်ရှိရှိပြီးသား ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အားနည်းစေနိုင်ကြောင်း အချို့သော သံတမန်နှင့် နိုင်ငံရေးသုံးသပ်သူများက စိုးရိမ်နေကြသည်။

၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ကုလသမဂ္ဂသည် လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။

ဂူတာရက်စ်က သူ၏စာတွင် အဖွဲ့ဝင်နိုင်ငံအချို့သည် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးများကို မပေးသွင်းရန် တရားဝင်ကြေညာထားကြောင်း ဖော်ပြခဲ့သော်လည်း မည်သည့်နိုင်ငံများဖြစ်သည်ကိုမူ အမည်တပ်၍ ပြောကြားခြင်း မရှိခဲ့ပေ။

လက်ရှိအခြေအနေအရ အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်အတွက် ဒေါ်လာ ၂.၁၉ ဘီလီယံ၊ လက်ရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများအတွက် ဒေါ်လာ ၁.၈၈ ဘီလီယံနှင့် ယခင်လုပ်ငန်းစဉ်ဟောင်းများအတွက် ဒေါ်လာ ၅၂၈ သန်း ပေးသွင်းရန် ကျန်ရှိနေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်ကုန်တွင် မပေးသွင်းရသေးသည့် ကြွေးကျန်စုစုပေါင်းမှာ စံချိန်တင် ဒေါ်လာ ၁.၅၇ ဘီလီယံအထိ ရှိလာခဲ့ပြီး ယင်းသည် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးအခက်အခဲကို ပိုမိုဆိုးရွားစေကြောင်း ဂူတာရက်စ်က မှတ်ချက်ပြုခဲ့သည်။

ကုလသမဂ္ဂ ပြိုလဲမည့် အန္တရာယ်မှ ရှောင်လွှဲနိုင်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် ပေးရန်ရှိသည့် ထည့်ဝင်ကြေးများကို အပြည့်အဝ ပေးသွင်းရန် သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများကို အခြေခံကျကျ ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

စရိတ်စကများ လျှော့ချပြီး လုပ်ငန်းဆောင်ရွက်မှု ထိရောက်စေရန် “UN80” ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအဖွဲ့မှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်နေသော်လည်း လက်ရှိအကျပ်အတည်းမှာ မပြေလည်သေးကြောင်း သိရသည်။

အဖွဲ့ဝင်နိုင်ငံများက ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်ကို ၇ ရာခိုင်နှုန်း လျှော့ချကာ ဒေါ်လာ ၃.၄၅ ဘီလီယံအဖြစ် သတ်မှတ်ရန် သဘောတူထားကြသော်လည်း ချက်ချင်း အရေးယူဆောင်ရွက်မှု မရှိပါက ဇူလိုင်လတွင် ကုလသမဂ္ဂ၌ ငွေကြေးပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်ကြောင်း ဂူတာရက်စ်က သတိပေးခဲ့သည်။

အဓိက ပြဿနာတစ်ရပ်အဖြစ် အသုံးမပြုရသေးသည့် ရန်ပုံငွေများကို နှစ်စဉ် အဖွဲ့ဝင်နိုင်ငံများထံ ပြန်လည်ပေးအပ်ရမည်ဆိုသည့် ခေတ်မမီတော့သော စည်းမျဉ်းကို ဂူတာရက်စ်က ထောက်ပြခဲ့ပြီး ယင်းကို “ဖယ်ရှားမရသေးသည့် ယန္တရားဆိုးတစ်ခု” ဟု တင်စားခေါ်ဝေါ်ခဲ့သည်။

ကိုးကား – Reuters
ဓာတ်ပုံ – UN

ကုလသမဂ္ဂ

အဖွဲ့ဝင်နိုင်ငံများ

ကြွေးကျန်မပေးသွင်းမှု

ဘဏ္ဍာရေးပြိုလဲနိုင်ခြေရှိ

ဂူတာရက်စ်_သတိပေး

အထွေထွေအတွင်းရေးမှူးချုပ်

PSM_News

By Htet Ko