PSM (NEWS)

ဖေဖော်ဝါရီ ၁၊ ၂၀၂၆

အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်တွင် ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ရပြီးနောက်၊ အဆိုပါ အေးဂျင့်များကို ပြည်နယ်အတွင်းမှ ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ မင်နီယာပိုလစ်မြို့အပါအဝင် အမေရိကန်တစ်ဝန်းတွင် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) ၏ စစ်ဆင်ရေးဗျူဟာများနှင့် အင်အားတိုးချဲ့လာမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် အေးခဲနေသည့် ရာသီဥတုကြားမှ လူထောင်ပေါင်းများစွာက မင်နီယာပိုလစ်မြို့လယ် လမ်းမများပေါ်တွင် စုဝေးခဲ့ကြသည်။

ဆန္ဒပြသူများအနက် ကလေးငယ်ပါဝင်သည့် မိသားစုများ၊ သက်ကြီးရွယ်အို ဇနီးမောင်နှံများနှင့် လူငယ်လှုပ်ရှားသူများ ပါဝင်ခဲ့ကြပြီး “ICE မရှိရ” ဟု ရေးသားထားသည့် အင်္ကျီများဝတ်ဆင်ကာ ICE အဖွဲ့ ပြည်နယ်မှ ထွက်ခွာသွားရန် တောင်းဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူ ကာတီးယာ ကာဂန်က

“ကျွန်မရဲ့ မိဘတွေဟာ ဘေးကင်းလုံခြုံပြီး ပိုကောင်းတဲ့ ဘဝတစ်ခုကို ရှာဖွေဖို့ အမေရိကန်ကို ပြောင်းရွှေ့လာခဲ့တဲ့ ရုရှားဂျူးလူမျိုးတွေပါ။ ကျွန်မ မိဘတွေ မျှော်လင့်ခဲ့တဲ့ ‘အမေရိကန်အိမ်မက်’ ကို ကာကွယ်ဖို့ ကျွန်မ ဒီကိုလာပြီး ရပ်တည်နေတာပါ” ဟု ပြောကြားခဲ့သည်။

ယခုလအတွင်း ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အမေရိကန်နိုင်ငံသား အဲလက်စ် ပရက်တီ နှင့် ရနေး ဂုဒ် တို့၏ ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့် နေရာအနီးတွင်လည်း ဒေသခံကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း ၅၀ ခန့်က ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုများသည် မင်နီဆိုတာပြည်နယ်တစ်ခုတည်းတွင်သာမကဘဲ နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနှင့် ဝါရှင်တန်ဒီစီတို့အပါအဝင် ပြည်နယ်ပေါင်း ၄၆ ခုတွင် ဆန္ဒပြပွဲပေါင်း ၂၅၀ ခန့်အထိ ကျယ်ပြန့်လာနိုင်ကြောင်း စီစဉ်သူများက ခန့်မှန်းထားသည်။

ဆန္ဒပြသူများသည် “အလုပ်မသွား၊ ကျောင်းမတက်၊ ဈေးမဝယ် — ICE ကို ရန်ပုံငွေဖြတ်တောက်” ဟူသော ကြွေးကြော်သံဖြင့် လှုပ်ရှားနေကြခြင်းဖြစ်သည်။

မင်နီယာပိုလစ်ရှိ အခြေအနေများသည် ဖက်ဒရယ်အစိုးရအတွင်း၌ပါ နိုင်ငံရေးဖိအားများ ဖြစ်ပေါ်စေခဲ့ပြီး၊ ICE အဖွဲ့ကို ကြီးကြပ်သည့် ပြည်တွင်းလုံခြုံရေးဌာန (DHS) အတွက် ရန်ပုံငွေခွဲဝေမှုကို ကွန်ဂရက်ရှိ ဒီမိုကရက်အဖွဲ့ဝင်များက ကန့်ကွက်နေကြသဖြင့် အစိုးရလုပ်ငန်းများ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။

အခြေအနေ တင်းမာလာသဖြင့် သမ္မတ ဒေါ်နယ် ထရန့်၏ နယ်စပ်ရေးရာ အရာရှိချုပ် တွမ် ဟိုးမန်းက မင်နီယာပိုလစ်သို့ လာရောက်ခဲ့ပြီး ICE အေးဂျင့်များအနေဖြင့် လမ်းမပေါ်တွင် လူထုနှင့် ထိပ်တိုက်တွေ့ဆုံသည့် စစ်ဆေးမှုများအစား ပစ်မှတ်တိကျသည့် စစ်ဆင်ရေးများကို အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား – Reuters

#မင်နီယာပိုလစ်

#လူထောင်ပေါင်းများစွာ

#ICE_အဖွဲ့

#ဆန့်ကျင်ကန့်ကွက်

#PSM_News

By Htet Ko