PSM(NEWS) ဖေဖော်ဝါရီ ၁၊ ၂၀၂၆ ကမ္ဘောဒီးယား နယ်စပ်ရှိ ဝင်ပေါက်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးယူဝင်ရောက်လာသည့် တရုတ်နိုင်ငံသားငွေလိမ်ဂိုဏ်းဝင်ဟု သံသယရှိသူ ၇ ဦးကို ကြာသပတေးနေ့ နံနက်ပိုင်းက ချန်သဘူရီခရိုင်တွင် ထိုင်းရေတပ်က ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း အလုံးပေါင်းများစွာနှင့် ကမ္ဘောဒီးယား ဆင်းမ်ကတ် များကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ထိုင်းဘုရင့်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပါရတ် ရတနာချိုင်ဖန် ၏ ပြောကြားချက်အရ ပထမဖြစ်စဉ်တွင် ကြာသပတေးနေ့ ည ၁၀ နာရီခန့်က ပေါင်နမ်ရွန် ခရိုင်ရှိ နယ်စပ်အနီး၌ ကင်းလှည့်နေသော ထိုင်းရေတပ်သားများသည် အမျိုးသားတစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တရုတ်နိုင်ငံသား၏ ထံမှလက်ကိုင်ဖုန်း ၂၆ လုံး၊ ကမ္ဘောဒီးယား ဆင်းမ်ကတ် ၁၇ကတ်၊စိတ်ကြွမူးယစ်ဆေးဝါးအနည်းငယ်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ အခြားဖြစ်စဉ်တစ်ခုတွင်မူ ထိုနေ့ နံနက် ၅ နာရီခန့်က အဆိုပါခရိုင်အတွင်း၌ပင် သံသယဖြစ်ဖွယ် တွေ့ရှိရသည့် အသက် ၂၁ နှစ်မှ ၆၀ နှစ်အတွင်းရှိ တရုတ်နိုင်ငံသား ၆ ဦးကို အခြားကင်းလှည့်အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား ရှာဖွေရာတွင် လက်ကိုင်ဖုန်း ၅၉ လုံး၊ ငွေကြေးလွှဲပြောင်းမှု မှတ်တမ်းစာအုပ်များ လိမ်ညာခံမည့်သူများကို လှည့်ဖြားပြောဆိုရန် ပြင်ဆင်ထားသည့် စကားပြောဇာတ်ညွှန်း များကို သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိသူ ၇ ဦးလုံးကို ခရိုင်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်။ ၎င်းတို့အား နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု နှင့် ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှု တို့ဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်သည်။ ရေတပ်ဗိုလ်ချုပ် ပါရတ်က ကမ္ဘောဒီးယားနိုင်ငံ နယ်နိမိတ်အတွင်း အခြေစိုက်သည့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရာတွင် ကမ္ဘောဒီးယားအစိုးရအနေဖြင့် ထိုင်းနိုင်ငံနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ စစ်မှန်သောဆန္ဒကို ပြသရန် တိုက်တွန်းပြောကြားခဲ့သည်။ ကိုးကား Thai PBS #ထိုင်းနိုင်ငံ #ချန်သဘူရီ #အွန်လိုင်းငွေလိမ်ဂိုဏ်း #တရုတ်နိုင်ငံသား_၇_ဦး #ဖမ်းဆီး #နယ်စပ်ဖြတ်ကျော် #𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation အမေရိကန် အထက်လွှတ်တော်က ၂၀၂၆ ဘဏ္ဍာရေးဥပဒေကြမ်း အတည်ပြု၊ မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ လမ်းဖွင့် မင်နီဆိုတာအပါအဝင် အမေရိကန်တစ်ဝန်း လူထောင်ပေါင်းများစွာက ICE အဖွဲ့ကို ဆန့်ကျင်ကန့်ကွက်