PSM(NEWS)

မတ် ၁၂၊ ၂၀၂၆

နှစ်နိုင်ငံကြား စစ်မီးတောက်လောင်နေသော်လည်း လာမည့်သုံးလခန့်တွင် စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အီရန်လက်ရွေးစင်အသင်း အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခွင့်ရရှိမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က အင်္ဂါနေ့ညတွင် ပြောကြားလိုက်သည်။

အီရန်အသင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် နယူးဇီလန်အသင်းနှင့် ကာလီဖိုးနီးယားပြည်နယ်၊ အင်ဂယ်ဝုဒ် မြို့၌လည်းကောင်း၊ ဇွန်လ၂၁ရက်နေ့တွင် ဘယ်လ်ဂျီယံအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရန် အစီအစဉ်ရှိပြီး ဇွန်လ ၂၆ ရက်နေ့တွင် အီဂျစ်အသင်းနှင့် ဆီယက်တဲလ် မြို့၌ အုပ်စုနောက်ဆုံးပွဲစဉ်ကို ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်သည်။

မကြာသေးမီက စစ်မက်ဖြစ်ပွားမှုများကြောင့် အီရန်အာဏာပိုင်များက ၎င်းတို့နိုင်ငံ၏ ပါဝင်ယှဉ်ပြိုင်နိုင်မှုအပေါ် သံသယရှိကြောင်း အရိပ်အမြွက်ပြောကြားထားသည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်မည့် ဤပြိုင်ပွဲတွင် အီရန်အသင်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ မိမိအနေဖြင့် “တကယ်ကိုဂရုမစိုက်ကြောင်း”ပြောကြားခဲ့သည်။

သို့သော်လည်း FIFAဥက္ကဋ္ဌ ဂျီယာနီအင်ဖန်တီနိုက အင်္ဂါနေ့ညတွင် ဒေါ်နယ် ထရမ့် နှင့် တွေ့ဆုံကာပြိုင်ပွဲအတွက် ပြင်ဆင်မှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး အီရန်အသင်း အမေရိကန်သို့ လာရောက်ခွင့်ပြုမည်ဟူသော အာမခံချက်ကို ရရှိခဲ့ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ အီရန်ရဲ့ လက်ရှိအခြေအနေနဲ့ ၂၀၂၆ FIFA ကမ္ဘာ့ဖလားကို အီရန်အသင်းခြေစစ်ပွဲအောင်မြင်ထားတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဂျီယာနီ အင်ဖန်တီနို က ၎င်း၏ Instagram လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ဆွေးနွေးမှုအတွင်းမှာ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အသင်းအနေနဲ့ အမေရိကန်မှာ ကျင်းပမည့် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုဆိုကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်”ဟုဆိုသည်။

ဂျီယာနီ အင်ဖန်တီနို နှင့်ဒေါ်နယ် ထရမ့် တို့သည် ရင်းနှီးသည့် ဆက်ဆံရေးရှိကြပြီး ဒေါ်နယ် ထရမ့်သည် FIFA ၏ ပထမဦးဆုံးသော ငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသူဖြစ်သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အမေရိကန်က အီရန်အသင်းကို လက်ခံရန် ငြင်းဆန်ခဲ့ပါက FIFA အနေဖြင့် အိမ်ရှင်အဖြစ်မှ ဖယ်ရှားမည့် အန္တရာယ်ရှိနိုင်သည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က အင်ဒိုနီးရှားနိုင်ငံသည် အစ္စရေးအသင်းအား လက်ခံရန် ငြင်းဆန်ခဲ့သဖြင့် FIFA က အသက် ၂၀ အောက် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်မှ ပယ်ဖျက်ကာ အာဂျင်တီးနားသို့ပြောင်းလဲကျင်းပခဲ့ဖူးသည်။

FIFA၏ ကမ္ဘာ့ဖလားဆိုင်ရာ အရာရှိချုပ် ဟိုင်မို ရှာဂျီ ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲသည် ကြီးကျယ်လွန်းသဖြင့် ကမ္ဘာ့မငြိမ်မသက်မှုများကြောင့် ရွှေ့ဆိုင်းရန် မဖြစ်နိုင်ကြောင်းနှင့် အခြေအနေများကိုနေ့စဉ် စောင့်ကြည့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုးကား AP

#အမေရိကန်

#ကမ္ဘာ့ဖလားပြိုင်ပွဲ

#အီရန်အသင်း

#ယှဉ်ပြိုင်မှု

#အာမခံချက်

#PSM_News

By Htet Ko