PSM (News) မတ် ၁၂ ၊ ၂၀၂၆ အိန္ဒိယအစိုးရသည် အင်္ဂါနေ့တွင် ကဏ္ဍအချို့အတွက် တရုတ် မှ ရင်းနှီးမြှုပ်နှံမှုများအပေါ် သတ်မှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် အတည်ပြုခဲ့သည်။ ယင်းသည် ဝန်ကြီးချုပ် နရိန္ဒာ မိုဒီ အတွက် တရုတ်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်နှင့် ခြောက်နှစ်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့သော နှစ်နိုင်ငံကြား တင်းမာမှုများကို လျှော့ချရန် ရည်ရွယ်သည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ခုနှစ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် အာရှအင်အားကြီး နှစ်နိုင်ငံကြား နယ်စပ်ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်သားများ သေဆုံးခဲ့ရာမှ စတင်၍ စီးပွားရေးနှင့် သံတမန်ရေးရာ ဆက်ဆံရေးများ ထိခိုက်လာခဲ့သည်။ ၂၀၂၀ ခုနှစ် ဧပြီလတွင် အိန္ဒိယသည် တရုတ်အပါအဝင် မိမိနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ် ထိစပ်နေသော နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများအားလုံးကို တင်းကျပ်စွာ စစ်ဆေးမည့် မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။ ယင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အိန္ဒိယကုမ္ပဏီများကို အခွင့်ကောင်းယူ ဝယ်ယူသိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နယူးဒေလီဘက်က ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၀ ခုနှစ် ဇွန်လတွင် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် တရုတ်အက်ပလီကေးရှင်းများဖြစ်သော TikTok၊ WeChat နှင့် UC Browser အပါအဝင် စုစုပေါင်း အက်ပလီကေးရှင်း ၅၉ ခုကို အိန္ဒိယက ပိတ်ပင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တရုတ်မော်တော်ယာဉ်ကုမ္ပဏီ Great Wall Motor သည် အိန္ဒိယတွင် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ယင်းမှာ နယူးဒေလီ၏ တင်းကျပ်သော စစ်ဆေးမှုလုပ်ငန်းစဉ်များကြောင့် ထိခိုက်ဆုံး လုပ်ငန်းကြီးများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ် လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD ၏ ဒေါ်လာ ၁ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကိုလည်း အိန္ဒိယက ပယ်ချခဲ့သည်။ နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေး တဖြည်းဖြည်း ပြန်လည်ပျော့ပြောင်းလာခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အငြင်းပွားဖွယ် နယ်စပ်ဒေသများတွင် ကင်းလှည့်ခြင်းဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယနှင့် တရုတ်တို့ ရရှိခဲ့သည်။ ယင်းသဘောတူညီချက်သည် လေးနှစ်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့သော စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုများကို လျှော့ချရန် ရည်ရွယ်ထားသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယ၏ ထိပ်တန်းမူဝါဒရေးရာအဖွဲ့ဖြစ်သော နီတီ အာယော့ (NITI Aayog) က တရုတ်ကုမ္ပဏီများအား အိန္ဒိယကုမ္ပဏီများတွင် ရှယ်ယာ ၂၄ ရာခိုင်နှုန်းအထိ လုံခြုံရေးစစ်ဆေးမှုမလိုဘဲ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် အဆိုပြုခဲ့သည်။ ယင်းမှာ ၂၀၂၀ ခုနှစ်နောက်ပိုင်း စတင်ခဲ့သော စစ်ဆေးမှုလုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်နေသည့် ကြန့်ကြာမှုများကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ် မိုဒီ သည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်ကို နှစ်နိုင်ငံ သံတမန်ရေးဆက်ဆံရေး ပြန်လည်ကောင်းမွန်လာမှု၏ လက္ခဏာတစ်ရပ်အဖြစ် မြင်တွေ့ခဲ့ကြသည်။ ထို့နောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ငါးနှစ်ကြာ ရပ်နားထားခဲ့သော အိန္ဒိယနှင့် တရုတ်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များကိုလည်း ပြန်လည်စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စက်ရုံအလုပ်ရုံများတွင် နည်းပညာရှင်ရှားပါးမှုကြောင့် ထုတ်လုပ်မှုများ ထိခိုက်လာသည့်အခြေအနေကို ဖြေရှင်းရန် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးဗီဇာ (Business Visa) ဆိုင်ရာ ကန့်သတ်ချက်များကို အိန္ဒိယက ဖြေလျှော့ပေးခဲ့သည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အိန္ဒိယသည် တရုတ်စက်ပစ္စည်းများ ဝယ်ယူမှုအပေါ် သတ်မှတ်ထားသော ကန့်သတ်ချက်များကို စတင်ဖြေလျှော့ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အားနှင့် ကျောက်မီးသွေးဆိုင်ရာ နိုင်ငံပိုင်ကုမ္ပဏီများအား အကန့်အသတ်ဖြင့် စတင်တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ကိုးကား — Reuters #နယ်စပ်ပဋိပက္ခ #တင်းမာမှုလျှော့ချ #နျူကလီးယားလက်နက် #ခြောက်နှစ်ကြာတင်းမာမှု #တရုတ်ရင်းနှီးမြှုပ်နှံမှု #ကန့်သတ်ချက်_အိန္ဒိယ_ဖြေလျှော့ #PSM_News Post navigation ဟော်မုဇ်ရေလက်ကြားအနီး ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရ၊ သင်္ဘောသား ၂၃ ဦးအား ကယ်ဆယ်ရေး ဆောင်ရွက်နေ အီရန်အသင်း အမေရိကန်သို့ လာရောက်ယှဉ်ပြိုင်နိုင်ရန် အာမခံချက်ရရှိထား