PSM(NEWS)

မတ် ၁၂ ၊ ၂၀၂၆

သြစတြေးလျနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံထားသည့် အီရန်အမျိုးသမီးဘောလုံးအဖွဲ့မှ ကစားသမားတစ်ဦးသည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြောင်းလဲကာ အဖွဲ့၏နေရာကို အီရန်သံရုံးထံ ပေါက်ကြားစေခဲ့သည့်အတွက် ကျန်ရှိနေသည့် အသင်းဝင်များကို ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ဗုဒ္ဓဟူးနေ့တွင်လုံခြုံသည့် စခန်းမှ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သြစတြေးလျအစိုးရက ပြောကြားလိုက်သည်။

အီရန် အမျိုးသမီးဘောလုံးအဖွဲ့ဝင် ခုနစ်ဦးသည် နိုင်ငံတော်သီချင်း သီဆိုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ၎င်းတို့၏ နိုင်ငံတွင်“သစ္စာဖောက်များ”ဟု အပုပ်ချစွပ်စွဲခံခဲ့ရပြီးနောက် သြစတြေးလျတွင် ခိုလှုံခွင့် တောင်းခံခဲ့ကြသည်။

သို့သော် အဖွဲ့ဝင်တစ်ဦးသည် အီရန်နိုင်ငံသို့ ပြန်သွားရန် ရွေးချယ်ခဲ့သည့် အခြားကစားသမားများနှင့် စကားပြောဆိုပြီးနောက် အသင်းတွင် ကျန်ရှိနေရန် ဆုံးဖြတ်ချက် ပြောင်းလဲခဲ့သည်ဟု သြစတြေးလျပြည်ထဲရေးဝန်ကြီး တိုနီဘာ့ခ်ကပြောသည်။

အဆိုပါ အမျိုးသမီးသည် သြစတြေးလျရှိ အီရန်သံရုံးသို့ ဆက်သွယ်ကာ ခိုလှုံခွင့်တောင်းခံထားသူများ၏ တည်နေရာကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အီရန်မီဒီယာများဖြစ်သည့် Shargh သတင်းစာနှင့် Mehr သတင်းဌာနတို့၏ ဖော်ပြချက်အရ ခိုလှုံခွင့်တောင်းခံမှုကို ပြန်လည်ရုပ်သိမ်းလိုက်သူမှာ မိုဟာဒက်ဆေဇော်လ်ဖီဖြစ်ကြောင်း သိရသည်။

“အဲဒီအဖြစ်အပျက်ကြောင့် အီရန်သံရုံးက ခိုလှုံခွင့် တောင်းသူတွေရှိတဲ့နေရာကို သိသွားခဲ့တာပါ။ကျွန်တော်ချက်ချင်းပဲ သူတို့ကို တခြားနေရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်၊ အဲဒါကို ချက်ချင်းပဲဆောင်ရွက်ခဲ့ပြီးပါပြီ” ဟု တိုနီ ဘာ့ခ် က ဆိုသည်။

အသင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသားကြီးကြပ်သူများက ကစားသမားများ ခိုလှုံခွင့်တောင်းခံခြင်းကို တားဆီးရန် ကြိုးပမ်းမည်ကို စိုးရိမ်မှုများလည်း ရှိနေခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များကမူ အီရန်အာဏာပိုင်များသည် နိုင်ငံခြားတွင်ရှိနေသော အားကစားသမားများအား ၎င်းတို့၏ ဆွေမျိုးများအား ခြိမ်းခြောက်ခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများသိမ်းယူမည်ဟုခြိမ်းခြောက်ခြင်းဖြင့် ဖိအားပေးလေ့ရှိကြောင်း ထပ်ခါတလဲလဲ စွပ်စွဲထားသည်။

သြစတြေးလျ ဝန်ကြီးချုပ်အန်သိုနီ အယ်လ်ဘာနီစီက အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့ပြီး ၎င်းတို့ကို လိုလိုလားလားကြိုဆိုမည်ဟု ကတိပြုထားသည်။ သို့သော် အီရန်ဘောလုံးအဖွဲ့ချုပ်ကမူ သြစတြေးလျသည် ကစားသမားများကို ပြန်ပေးဆွဲပြီး ၎င်းတို့၏ ဆန္ဒကိုဆန့်ကျင်ကာ နိုင်ငံကူးပြောင်းရန် အတင်းအကျပ် ဖိအားပေးနေကြောင်း စွပ်စွဲထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က အီရန်ကစားသမားများသည် သြစတြေးလျတွင် ကျင်းပသည့် ပြိုင်ပွဲတစ်ခု၌ နိုင်ငံတော်သီချင်းဖွင့်စဉ် တိတ်ဆိတ်နေခဲ့ကြသည်။ အီရန်ရုပ်သံတင်ဆက်သူတစ်ဦးက ၎င်းတို့ကို “စစ်အတွင်းသစ္စာဖောက်များ”ဟု ခေါ်ဆိုခဲ့ပြီးနောက် ၎င်းတို့သည် အိမ်ပြန်လျှင် အရေးယူခံရမည် သို့မဟုတ် ပိုမိုဆိုးရွားသော အခြေအနေများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

အသင်းခေါင်းဆောင် ဇာဟာ ဂန်ဘာရီအပါအဝင် ကစားသမားငါးဦးသည် အသင်းတည်းခိုသည့် ဟိုတယ်မှ ခိုးထွက်ကာ သြစတြေးလျတွင် ခိုလှုံခွင့်တောင်းခံခဲ့သည်။ နောက်ထပ် အသင်းဝင်နှစ်ဦးမှာလည်း အင်္ဂါနေ့ညတွင် အသင်းမထွက်ခွာမီ ခိုလှုံခွင့်ရရှိခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ပြောကြားချက်အရ ကျန်ရှိနေသည့် အီရန်အသင်းသားများသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဟိုတယ်တစ်ခု၌ ရှိနေပြီး ၎င်းတို့၏ ခရီးစဉ်ရှေ့ဆက်ရန် စီစဉ်နေကြောင်း သိရသည်။

ကိုးကား AFP

#သစ္စာဖောက်_စွပ်စွဲ

#အီရန်

#သြစတြေးလျ_လုံခြုံရေးစခန်း

#ဘေးလွတ်ရာ_ရွှေ့ပြောင်း

#အမျိုးသမီးဘောလုံးသမား

#PSM_News

By Htet Ko