PSM (News)

ဇွန် ၃၀ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည့် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ကိုင်း PDF) ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် ယမန်နေ့ ဇွန် ၂၉ ရက် ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

ယခုလွတ်မြောက်မှုသည် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများနှင့် ပတ်သက် ၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် NUG အစိုးရအဖွဲ့တို့ အရေးပေါ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ကိုစစ်ငြိမ်းနိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ရဲဘော်သုံးဦးပါ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိသေးပေ။

ကိုစစ်ငြိမ်းနိုင်သည် ဇွန် ၁၅ ရက်က ကသာခရိုင်ကွပ်ကဲရေးမှူး ဒူချွန်ဇော်ဆိုင်းက “အမှတ် (၁) စစ်ဒေသ မှူးက တွေ့ချင်သည်” ဟု အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားပြီးနောက် မိခင်တပ်ရင်းနှင့် အဆက် အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကာ စစ်ဒေသရုံးတွင် နှစ်ပတ်နီးပါးကြာ ထိန်းသိမ်းခံရပြီးမှ ယမန်နေ့ညပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဒေသရုံးနှင့် နီးစပ်သူတစ်ဦးက PSM သို့ အတည်ပြုပြောဆိုသည်။

မြေပြင်တွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြား ပဋိပက္ခများ ရှုပ်ထွေးနေချိန်တွင် ယခုကဲ့သို့ ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးထိန်းသိမ်းမှုများအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး လက်ရှိတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့များသည် စစ်ကိုင်း PDF အပြင် ကျောင်းသား တော်လှန်ရေးတပ်တော် (SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် 96 Soldiers စသည့် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်ပိုင်းနှင့် ရဲဘော်အချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်း ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

သို့ဖြစ်၍ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် မလွတ်မြောက်မီ တစ်ရက်အလို ဇွန် ၂၈ ရက်တွင် NUCC ကောင်စီဝင်များ၊ NUG ကာကွယ်ရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များသည် သုံးနာရီကြာ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးမတိုင်မီကလည်း NUCC အနေဖြင့် ထိခိုက်နစ်နာမှုရှိနေသည့် SRF၊ PLA၊ 96 Soldiers နှင့် စစ်ကိုင်း PDF အဖွဲ့ တာဝန်ရှိသူများနှင့် ကြိုတင်တွေ့ဆုံကာ မြေပြင်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းဆွေးနွေးပွဲအတွင်း မြေပြင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ အခြေအနေများကို ပွင့်လင်းစွာ မျှဝေခြင်း၊ မေးမြန်းခြင်းနှင့် အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ကိုစစ်ငြိမ်းနိုင် ပြန်လည်လွတ်မြောက် လာခဲ့ခြင်း ဖြစ်သော်လည်း အလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အခြားတော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ရှေ့ရေးနှင့် မြေပြင်ပဋိပက္ခများအခြေအနေများကို ရေရှည် ဖြေရှင်းနိုင်မည့် နည်လမ်း ရှာဖွေရန် လိုအပ်နေကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ပုံစာ-ကိုစစ်ငြိမ်းနိုင်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed