မောင်မောင်ကဲ/PSM(News)

ဇူလိုင် ၁၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စာလှယ်ဖြစ်သူ မာရီယာသီရီဆာ လာဇာရိုက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့မှုကို အာဏာစစ်အုပ်စုက ငြင်းဆန် ပယ်ချခဲ့သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ပြစ်ဒဏ်ကျခံနေရသူဖြစ်၍ ၎င်း၏ ပြစ်ဒဏ်ကာလ ပြီးဆုံးမှသာ အခြားသူများနှင့် တွေ့ဆုံခွင့်ရရှိမည်ဖြစ်ကြောင်း စစ်အုပ်စု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ယမန်နေ့ ဇွန် ၃၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုတွေနဲ့ ဥပဒေအရေးယူခံထားရတဲ့ ပြစ်ဒဏ်ကျခံနေရသူဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာက ကိုယ်စားလှယ်တွေနဲ့ တွေ့လို့မရပါဘူး။ ပြစ်ဒဏ်ကျခံလို့ ပြီးသွားရင်တော့ တွေ့ခွင်ရချင် ရနိုင်ပါတယ်။ အခုချိန်မှာတော့ ပြစ်ခံကျခံနေရတဲ့ အတွက် တွေ့လို့မရပါဘူး” ဟု အာဏလုစစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ငြင်းဆန် ခံရမှုအပေါ် တိုက်ရိုက်တုံ့ပြန်ပြောဆိုခြင်း မရှိသော်လည်း မြန်မာ့အရေးအတွက် အာဆီယံ ဘုံသ ဘောတူညီချက် ၅ ချက် ကို အကောင်အထည်ဖော်ရန် ဆက်လက်သန္နိဋ္ဌာန် ချထားဆဲ ဖြစ်ပြီး စစ်အုပ်စု အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုချက်ကိုလည်း ထပ်လောင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းသား ၄,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းနှင့် ဒေါ်အောင်ဆန်းစု ကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်းတို့ကို ကြိုဆိုကြောင်း အာဆီယံရေးရာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီရယ်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် ခြေလှမ်းများ လှမ်းလာသည်နှင့်အမျှ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အခြားသော အကျဉ်းသားများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများကို ပြန်လည်လွှတ်ပေးရန် အရေးကြီးကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်း သည် အာဆီယံသဘောတူညီချက် ၅ ချက်တွင် ပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန်အတွက် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

စစ်အုပ်စုသည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အရပ်သားအစိုးရထံမှ အာဏာလုယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံအစိုးရ၏ နိုင်ငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးခဲ့သည်။

ထို့နောက် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးရန် စသည့် အချက်များ ပါဝင်သည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံ ခေါင်းဆောင်များက အတည်ပြုချမှတ်ခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed