NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကွယ်လွန်

PSM (News)

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာမြင့်ထွေးသည် ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၅ နာရီ ၄၃ မိနစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘာမင်ဂရက်ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာမြင့်ထွေး (အသက် ၇၈ နှစ်) ကို ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး နှလုံးရောဂါအခံဖြင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခြင်းဖြစ်သည်။

“အစ်ကိုအကြီးဆုံး Dr. ဦးမြင့်ထွေးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံတွင် ယနေ့ညနေက ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဆွေမျိုးမိတ်ဆွေသင်္ဂဟများကို သိစေအပ်ပါ သည်” ဟု ဒေါက်တာမြင့်ထွေး၏ ညီဖြစ်သူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

ဒေါက်တာမြင့်ထွေးသည် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ဆေးပညာဘွဲ့ကို ရရှိခဲ့သည့်အပြင်၊ ဖိလစ်ပိုင်တက္ကသိုလ်နှင့် ကမ္ဘာကျော် ဂျွန်ဟော့ကင်းတက္ကသိုလ်တို့မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်ဘွဲ့များကို ဆည်းပူးခဲ့သည့် ပညာရှင်တစ်ဦးဖြစ်သည်။

ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့တောင်အာရှရုံး၌ ဒေသဆိုင်ရာအကြံပေးအဖြစ် ၁၆ နှစ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့ကာ နိုင်ငံတကာအဆင့် ကျန်းမာရေးမူဝါဒများတွင်လည်း ကျွမ်းကျင်သူတစ်ဦးအဖြစ် ထင်ရှားသည်။

ဒေါက်တာမြင့်ထွေးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အထူး သဖြင့် COVID-19 ကပ်ရောဂါစတင်ချိန်တွင် နိုင်ငံတော်၏ ကာကွယ် ရေးလုပ်ငန်းများကို ရှေ့တန်းမှ ဦးဆောင်ခဲ့ခြင်းကြောင့် လူထု၏ လေးစားမှုကို အထူးရရှိခဲ့သည်။

ဒေါက်တာမြင့်ထွေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းသည့်နေ့တွင် နေပြည်တော်၌ ခေတ္တထိန်းသိမ်းခံခဲ့ရပြီးနောက် တာဝန်မှ နုတ်ထွက်ခဲ့သည်

ထိုနေ့မှာပင် ၎င်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ဖော်ကိုင်ဖက်များထံသို့ “မေတ္တာလှိုင်းများဖြင့် တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်း” နှင့် “လက်ရှိအခြေအနေအရ ဝန်ကြီးဌာနမှ ထွက်ခွာတော့ မည်ဖြစ်ကြောင်း” နှုတ်ဆက်စာတစ်စောင် ရေးသားကာ တာဝန်မှ နုတ်ထွက်ခဲ့သည်။

ဒေါက်တာမြင့်ထွေး၏ နုတ်ထွက်စာတွင် ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကြရန်နှင့် “ကိုယ်လက် လှုပ်ရှားမှုသည် ဆေးတစ်ခွက်” ဆိုသည့် ဆောင်ပုဒ် အတိုင်း ကျန်းမာရေးဂရုစိုက်ကြရန် နောက်ဆုံးအနေဖြင့် တိုက်တွန်းခဲ့သည်။

ဒေါက်တာမြင့်ထွေးသည် ထိန်းသိမ်းခံရမှုမှ ရက်ပိုင်းအတွင်း ပြန်လည်လွတ် မြောက်ခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် နေအိမ်၌ပင် နေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်နန်းခမ်းမိုင်နှင့် သားသမီး နှစ်ဦး ကျန်ရစ်ခဲ့သည်။

#PSM_News

#ဒေါက်တာမြင့်ထွေး

#ကျန်းမာရေးဝန်ကြီး

#NLD_အစိုးရ

#ကွယ်လွန်

By Htet Ko