PSM (News) ဩဂုတ် ၉၊၂၀၂၆ ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အိုမန်နိုင်ငံနှင့် သဘောတူညီချက် ရယူရန် အလွန်နီးစပ်နေပြီဖြစ်သော်လည်း ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် လုံလောက်မည်မဟုတ်ကြောင်း စနေနေ့တွင် အီရန်က ပြောကြားခဲ့ပြီး ရေလက်ကြားအတွင်း သင်္ဘောတစ်စီး ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ထုတ်ပြန်ခဲ့သည်။ ရေလက်ကြား၏ နှစ်ဖက်စလုံးတွင် တည်ရှိနေသော အီရန်နှင့် အိုမန်တို့ကြား ပုံမှန်ရေနံသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် သဘောတူညီချက်တစ်ရပ် မကြာမီ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သော ပဋိပက္ခကို အဆုံးသတ်စေမည့် ပိုမိုကျယ်ပြန့်သော သဘောတူညီချက်တစ်ရပ်အတွက် အဆိုပါ မဟာဗျူဟာမြောက် ရေလက်ကြား ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်သည် အဓိကကျသည်ဟု ရှုမြင်လျက်ရှိသည်။ အီရန်နှင့် အိုမန်တို့သည် ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ပင်လယ်ရေကြောင်း သွားလာရေးလမ်းကြောင်းသစ် တစ်ခုအတွက် သဘောတူညီချက် ရယူရန် “အလွန်နီးစပ်နေပြီ” ဖြစ်သော်လည်း ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးသည် အီရန်နိုင်ငံအား အမေရိကန်က လျော်ကြေးပေးရန် အပါအဝင် အခြားသော အခြေအနေများအပေါ်တွင် မူတည်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘပ်စ် အာရာချီက ပြောကြားခဲ့သည်။ ရေလက်ကြားအတွင်း ယခင်က ကျင့်သုံးခဲ့သော ရေကြောင်းသွားလာရေး ယာဉ်ကြောခွဲခြားရေးအစီအစဉ်ကို တီဟီရန်အနေဖြင့် လက်ခံတော့မည်မဟုတ်ကြောင်း ၎င်းက ဆိုခဲ့ပြီး အမြဲတမ်းလမ်းကြောင်းဆိုင်ရာ နည်းပညာနှင့် ဥပဒေပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းနေစဉ်အတွင်း အိုမန်နှင့်အတူ ယာယီလမ်းကြောင်းတစ်ခုကို ဆွေးနွေးလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ ကလေးထိန်းစင်တာသို့ မော်တော်ကားဝင်တိုက်မိမှုဖြစ်ပွားရာ လူ ၁၀ ဦးခန့် ဒဏ်ရာရရှိ ထိုင်းနိုင်ငံ ကျောင်းပစ်ခတ်မှုတွင် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ အရေအတွက် ၉ ဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့ပြော