PSM(News) ဇူလိုင် ၉ ၊၂၀၂၆ ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာနေသည့် သင်္ဘောများကို အီရန်ဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် သတင်းများ ထွက်ပေါ်လာပြီးနောက်၊ ဘေးကင်းလုံခြုံရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဆောင်လာသည့် သင်္ဘောအနည်းဆုံး (၄) စင်းမှာ လမ်းကြောင်း ပြန်လည်လှည့်ပြန်သွားခဲ့ကြောင်း သင်္ဘောခြေရာခံ စနစ်များအရ သိရှိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရေကြောင်းသွားလာရေး လုံခြုံမှုဆိုင်ရာ အန္တရာယ်အဆင့်ကို အမြင့်ဆုံးအဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ တိုက်ခိုက်မှုများကြောင့် ကာတာနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ (LNG) တင်ဆောင်သည့် သင်္ဘောတစ်စင်းနှင့် ဆော်ဒီအာရေဗီးယားအလံတင် ရေနံတင်သင်္ဘောတစ်စင်းတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သတင်းများက ဖော်ပြသည်။ Kpler နှင့် LSEG တို့၏ အချက်အလက်များအရ Al Ghariya, Duhail နှင့် Al Ruwais ဟု အမည်ရသည့် ကာတာနိုင်ငံပိုင် LNG တင်သင်္ဘော (၃) စင်းသည် ဟော်မုဇ်ရေလက်ကြားဘက်သို့ ဦးတည်သွားနေရာမှ အင်္ဂါနေ့နှောင်းပိုင်းတွင် လမ်းကြောင်း ပြန်လည်လှည့်ပြန်သွားခဲ့သည်။ အလားတူ ကူဝိတ်ရေနံစိမ်း ဂါလံသန်း (၂) သန်း တင်ဆောင်လာသည့် အိန္ဒိယအလံတင် ရေနံတင်သင်္ဘော Lila Vadinar လည်း အိုမန်နိုင်ငံအနီးမှတစ်ဆင့် လမ်းကြောင်း ပြန်လည်လှည့်သွားခဲ့သည်။ လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဆောင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘောများမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး၊ သင်္ဘောအချို့မှာ ဘေးကင်းရေးအတွက် ၎င်းတို့၏ တည်နေရာပြစနစ် (AIS) များကို ပိတ်ထားကြောင်း သိရှိရသည်။ သို့သော်လည်း Mercury Hope, Tenjun နှင့် Pertamina Pride အမည်ရှိ ရေနံတင်သင်္ဘောကြီး (VLCC) (၃) စင်းမှာမူ အဆိုပါ ရေလက်ကြားမှတစ်ဆင့် ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။ အီရန်နှင့် အမေရိကန်တို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့စွမ်းအင် ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် အန္တရာယ်များ တိုးပွားလာလျက်ရှိပြီး၊ ကုန်တင်သင်္ဘော ကုမ္ပဏီများအနေဖြင့်လည်း စီမံကိန်းများကို အရေးပေါ် ပြန်လည်ချိန်ညှိမှုများ ပြုလုပ်နေရသည်။ ကိုးကား-Reuters Post navigation အီရန်နိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ “ပြီးဆုံးသွားပြီ” ဟုNATO ထိပ်သီးအစည်းအဝေးတွင် ထရမ့် ပြောကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မုတ်သုံမိုးကြောင့် မြေပြိုမှုဖြစ်ပွားပြီး ရိုဟင်ဂျာ ၈ ဦး သေဆုံး