PSM(NEWS) ဧပြီ ၉၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု နှင့် အီရန်နိုင်ငံတို့အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခြင်းအပေါ် စင်ကာပူအစိုးရက ဗုဒ္ဓဟူးနေ့တွင်ကြိုဆိုလိုက်ပြီး ယာယီစစ်ပြေငြိမ်းမှုကို နှစ်နိုင်ငံစလုံးက လိုက်နာစောင့်ထိန်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ် ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သတ်မှတ်ထားသည့် အချိန်မကုန်ဆုံးမီ နာရီပိုင်းအလို အင်္ဂါနေ့တွင် ယခုသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်၏ ထုတ်ပြန်ချက်အရ အဆိုပါ အပစ်အခတ်ရပ်စဲရေး ကာလအတွင်းအမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားမည်ဖြစ်ပြီး တဟီရန်ကလည်း ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးတွင် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ယာယီပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။ “ပဋိပက္ခ လျော့ပါးစေဖို့အတွက် သက်ဆိုင်ရာ အင်အားကြီးနိုင်ငံတွေက အခုလိုအရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် လှမ်းလိုက်တာကို ကျွန်တော်တို့ အားတက်မိပါတယ်။ အထူးသဖြင့် ပါကစ္စတန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင်“သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာဖို့၊ ပဋိပက္ခမှာ မပါဝင်တဲ့ နိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဒီပဋိပက္ခ ရေရှည်ပြေလည်သွားစေဖို့အတွက် သဘောထားကြီးစွာနဲ့ ညှိနှိုင်းဆွေးနွေးကြဖို့ တိုက်တွန်းပါတယ်” ဟု ဆက်လက် ဖော်ပြထားသည်။ ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ ပြန်လည်ဖြတ်သန်းခွင့်ရရှိမည့် ကတိကဝတ်အပေါ် စင်ကာပူက ထပ်လောင်းကြိုဆိုခဲ့ပြီး အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်အညီ ပင်လယ်ရေကြောင်း သွားလာမှုဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ ကိုးကား CNA Post navigation ဆီမီးကွန်ဒတ်တာနှင့် ဖိုတွန်းနစ်ကဏ္ဍတွင် ထိုင်းနိုင်ငံ အဓိကနေရာမှ ပါဝင်ရန် ရည်မှန်း အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်မပါဝင်ကြောင်း အမေရိကန် သဘောတူညီခဲ့ဟု ဂျေဒီဗန့်စ် ပြောကြား