PSM(NEWS)

ဧပြီ ၁၀၊ ၂၀၂၆

အမေရိကန်နှင့် အီရန်တို့ကြား အင်္ဂါနေ့က သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်နိုင်ငံ ပါဝင်သည်ဟု အီရန် ညှိနှိုင်းရေးမှူးများက ထင်မြင်ယူဆနေကြသော်လည်း အမှန်တကယ်တွင် အမေရိကန်အနေဖြင့် ထိုအချက်ကို သဘောတူညီခဲ့ခြင်းမရှိကြောင်း ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

“ဒါဟာ အမှန်တကယ် နားလည်မှုလွဲမှားခြင်းကနေ ဖြစ်လာတာလို့ ကျွန်တော်ထင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ လက်ဘနွန်ပါဝင်တယ်လို့ အီရန်ဘက်က ထင်နေပုံရပေမဲ့ တကယ်တမ်းတော့ မပါဝင်ပါဘူး” ဟု ဘူဒါပက်စ်မြို့သို့ ရောက်ရှိနေသည့် ဂျေဒီဗန့်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်၏ ရပ်တည်ချက်မှာ အပစ်အခတ်ရပ်စဲရေးသည် အီရန်နှင့် အစ္စရေးအပါအဝင် ပင်လယ်ကွေ့အာရပ်နိုင်ငံများကဲ့သို့သော အမေရိကန်၏ မဟာမိတ်များအပေါ်တွင်သာ အဓိကထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ပြောကြားချက်သည် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် အဓိကကြားခံညှိနှိုင်းသူဖြစ်သည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ကမူ အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်ပါဝင်မည်ဟု ပြောဆိုထားခြင်းဖြစ်သည်။

အစ္စရေးအနေဖြင့် လက်ဘနွန်တွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားရန် သဘောတူညီထားကြောင်း ဂျေဒီဗန့်စ်က ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။

“ကျွန်တော် နားလည်ထားသလောက်တော့၊ အစ္စရေးတွေဟာ သူတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်စေချင်တဲ့အတွက် လက်ဘနွန်မှာ အတိုင်းအတာတစ်ခုအထိ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားဖို့ ကမ်းလှမ်းထားပါတယ်” ဟု ဂျေဒီဗန့်စ်က ဆိုသည်။

ကိုးကား Reuters

By Htet Ko