PSM(News)

စက်တင်ဘာ ၈ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံမှ နီကယ်များကို သယ်ယူရန် မောင်းကုန်းရွာ၌ သင်္ဘော အစီးရေ ၂၀ ဆိုက်ကပ်ထားပြီး ကျန်စစ်သင်္ဘောများ ကချင်ပြည်နယ်သို့ ဆက်လက်ဆန်တက်မည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ စက်တင်ဘာ ၅ ရက်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက် လာသော အစီးရေ ၃၁ ပါ စစ်အုပ်စု၏ ရေယာဉ်အုပ်စုမှ သင်္ဘောများသည် စက်တင်ဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ မြတောင်ရွာ၊ မောင်းကုန်းရွာနှင့် ကသာမြို့ ဆိပ်ကပ်များသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထီးချိုင့်မြို့နယ်အတွင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံမှ နီကယ်များကို သယ် ယူရန်အတွက် တကောင်းနီကယ်စက်ရုံနှင့် ၂ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးရှိ မောင်းကုန်း ရွာတွင် သင်္ဘော အစီးရေ ၂၀ ဆိုက်ကပ်ထားပြီး နီကယ်များ သယ်ယူပို့ဆောင်ရေးကို သူရိန်ကျော်စိုးဝင်း ကုမ္ပဏီက တာဝန်ယူထားကြောင်း သိရသည်။

“သင်္ဘော အစီး ၂၀ က မောင်းကုန်းစက်ရုံမှာပါ။ သူရိန်ကျော်စိုးဝင်း ကုမ္ပဏီက နီကယ်တွေ သယ်ယူ ပို့ဆောင်ရေးကို လေလံဆွဲထားတာ။ အတင်အချ ကရိန်းတွေကို SKY MOON ကုမ္ပဏီက လေလံယူထားတယ်။ ကရိန်းမောင်းသမား လေး ဦးကတော့ မလိုက်ချင်ဘဲ မဖြစ်မနေ လိုက်ခဲ့ရတယ်လို့ သိရတယ်” ဟု စစ်ရေးအရင်းအမြစ် က PSM ကို ပြောသည်။

စစ်သင်္ဘော သုံး စီးနှင့် ဖလက်ခွံသင်္ဘော တစ် စီးတဆို့သည် စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီ ဝန်းကျင်တွင် ကသာမြို့သို့ ရောက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က အတည်ပြုထားပြီး အဆိုပါ သင်္ဘောများ၏ လှုပ်ရှားမှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကချင်ပြည်နယ်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောများဖြင့် စစ်ကူ၊ ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ကသာ-ရွှေကူ အကြားနှင့် ရွှေကူ-ဗန်းမော် အကြားတို့တွင် ဖြတ်တောက်တို က်ခိုက်ခဲ့သဖြင့် စစ်သင်္ဘောများ အပါအဝင် သင်္ဘော ငါး စီးထက်မနည်း ပျက်စီးနစ်မြှုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ချခဲ့ရပြီး ခြောက် စီးခန့်သာ ဗန်းမော်သို့ ရောက်ရှိခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၆ ရက်တွင်မူ စစ်အုပ်စုသည် ရွှေကူနှင့် ဗန်းမော်အကြား KIA နှင့် PDF ပူးပေါင်း တပ်များ ထိန်းချုပ်ထားပြီး စစ်အုပ်စုဘက်မှ ရေကြောင်းတိုက်ပွဲ၌ အထိနာခဲ့သည့် ဧရာဝတီမြစ်ကူး တံတား (စင်းခန်း) ကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ-ဝက်လက် ပကဖ ၊ လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed