PSM (News) စက်တင်ဘာ ၇၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အာဏာလု စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ မှ မှ ပျံတက်လာသည့် ပါရာမော်တာ တစ်စီး သည် ယနေ့ နံနက်ပိုင်းက ကျေးရွာတစ်ရွာအနီး ပျက်ကျသွားခဲ့ပြီး မုံရွာမြို့အနီးရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှလည်း ပါရာမော်တာများဖြင့် ချောင်းဦးမြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီ ၃၈ မိနစ်ခန့်တွင် ပေါက်မြို့နယ်ရှိ ကပစ-၂၄ မှ ပြည်သူများကို လေကြောင်းမှ တိုက်ခိုက်ရန် ပျံတက်လာသည့် အဆိုပါ ပါရာမော်တာသည် တပ်စခန်းအပေါ်တွင် သုံးလေးပတ်ခန့် ပျံသန်းဝဲပြီးနောက် အရှေ့တောင်အရပ်သို့ ဆက်လက် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် ကျေးရွာတစ်ရွာအနီးအရောက် အဆိုပါ ပါရာမော်တာသည် အရှိန်အဟုန်ဖြင့် ဇောက်ထိုးကျကာ မြေပြင်သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ အလားတူ ယနေ့တွင် မုံရွာမြို့အနီးရှိ နမခ မှလည်း ပါရာမော်တာ နှစ် စီးဖြင့် ချောင်းဦးမြို့နယ်အတွင်းရှိ နေရာတစ်ခုကို လေကြောင်းမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာလု စစ်အုပ်စု၏ ချောင်းဦးမြို့နယ်အတွင်း တိုက်ခိုက်မှုသည် မြေပြင်တိုက်ပွဲ ဖြစ်ပွားနေခြင်း မရှိသည့် အချိန်တွင် လေကြောင်းမှ လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှု အခြေအနေများကိုလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ ပုံစာ-ပါရာမော်တာအားတွေ့ရစဉ်(ပုံဟောင်း) Post navigation လောင်းလုံးတွင် မူးယစ်ရောင်းဝယ်သူတစ်ဦးကို ပလဖ ဖမ်းဆီး၊ မူးယစ်ဆေးဝါးနှင့် သေနတ်ပါ သိမ်းဆည်းရမိ