PSM(News) စက်တင်ဘာ ၇ ၊ ၂၀၂၆ ပြည်သူ့ခုခံတွန်းလှန်စစ် ငါး နှစ်မြောက်နေ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ငါး နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေးအတွင်း စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်များ၊ မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် စစ်ဒေသအဖွဲ့အစည်း စုစုပေါင်း ၁,၇၉၂ ဦးအား စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ငါး မျိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ စက်တင်ဘာ ၇ ရက်တွင် ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့သည်။ ယခု ချီးမြှင့်သည့် ဘွဲ့ဆုများတွင် NUG ၏ အမြင့်ဆုံး အသိအမှတ်ပြုမှုဖြစ်သော ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ ၁ ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ၈၁ ဦးနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် (BRS) ၄၂ ဦး ပါဝင်သည်။ ဂုဏ်ပြုခံရသူများအနက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ၁,၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ ၃၂၄ ဦးနှင့် မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းများမှ ၂၆ ဦး ပါဝင်ပြီး တပ်ရင်း တပ်ဖွဲ့အလိုက် ချီးမြှင့်မှု ၄၅ ဖွဲ့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဘွဲ့ဆုများ ရွေးချယ်ရာတွင် ကွပ်ကဲမှု အဆင့်အလိုက် အဆိုပြုလွှာများ စိစစ်ခြင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကနဦး စိစစ်ရွေးချယ်ခြင်းနှင့် NUG ၏ “စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် စိစစ်ရွေးချယ်ရေး ကော်မတီ” က အတည်ပြု ရွေးချယ်ခြင်း စသည့် အဆင့် သုံး ဆင့်ဖြင့် စိစစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းနှင့် မြေပြင် ပေါင်းစပ် ပြုလုပ်ခဲ့ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမှူးပြုသော အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ CRPH၊ NUCC၊ ဖက်ဒရယ် ယူနစ်အစိုးရများနှင့် မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တပ်မှူး၊ ရဲဘော်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်သူ့တော်လှန်ရေး အလံတော်အား အလေးပြုခြင်း၊ ယာယီသမ္မတ က အဖွင့်အမှာစကား ပြောကြားခြင်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ဆုတံဆိပ် သတ်မှတ်ချက်များ ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့ ခေါင်းဆောင် အသီးသီးက ဘွဲ့ဆုများ ပေးအပ် ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားတွင် ဘွဲ့တံဆိပ် ရရှိသည့် ရဲဘော်များကိုယ်စား မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော် ပျားအုံ၊ ကျဆုံးရဲဘော် မိသားစုများကိုယ်စား ဦးဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၏ ဇနီး ဒေါ်သဇင်ညွန့်အောင်တို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြပြီး ဦးမင်းကိုနိုင်နှင့် ပြည်ထောင်စု ဝန်ကြီးချုပ်တို့က ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ကြသည်။ NUG အနေဖြင့် ယခု စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်း အစီအစဉ်ကို နှစ်စဉ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် အာဇာနည် သူရဲကောင်း အမည်စာရင်း အသေးစိတ်ကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။ လက်ရှိတွင် NUG က ပေးအပ်ရာတွင် အမြင့်ဆုံးဖြစ်သည့် ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (HPR) ကို ကွယ်လွန်သူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်းအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-NUG Post navigation မုတ်သုံလေ လျော့ပါးသွားပြီဖြစ်သော်လည်း အထက်မြစ်ရေကြောင့် ဧရာဝတီတိုင်းတွင် ရေကျနှေးမည်၊ ဒေသအချို့၌ တောင်ပြိုအန္တရာယ် သတိပြုရန်လို လောင်းလုံးတွင် မူးယစ်ရောင်းဝယ်သူတစ်ဦးကို ပလဖ ဖမ်းဆီး၊ မူးယစ်ဆေးဝါးနှင့် သေနတ်ပါ သိမ်းဆည်းရမိ