PSM (News)

ဇူလိုင် ၇၊ ၂၀၂၆

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တရားမဝင် အငှားကိုယ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခံထားရသည့် တရုတ်နိုင်ငံသားစုံတွဲတစ်တွဲကို ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ဘန်လာမန်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများမှာ အသက် ၄၃ နှစ်အရွယ် မစ္စတာ ယန်နှင့် အသက် ၃၃ နှစ်အရွယ် မစ္စမီတို့ဖြစ်ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့၊ လင်ပင်းခရိုင်တွင် လိုင်စင်မဲ့ အငှားကိုယ်ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့မှုအတွက် ဟန်ကျိုးပြည်သူ့လုံခြုံရေးဗျူရို၏ ဝရမ်းထုတ်ခြင်းကို ခံထားရသူများဖြစ်သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ မစ္စတာ ယန်သည် ငှားရမ်းထားသော လူနေအိမ်ကို မြေအောက်ဓာတ်ခွဲခန်းအဖြစ် ပြောင်းလဲပြီး မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်သည့် အဓိကတာဝန်ရှိသူဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို “ဟန်ကျိုး ရှန်းပေါင် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးနည်းပညာကုမ္ပဏီ” (Hangzhou Shengbao Medical and Health Technology Co Ltd) ဟူသောအမည်ဖြင့် တရားဝင်လိုင်စင်မရှိဘဲ ဆေးဘက်ဆိုင်ရာစင်တာတစ်ခုအသွင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်သတင်းဌာနများ၏ ဖော်ပြချက်အရ မစ္စတာ ယန်သည် အုပ်ချုပ်ရေးဆိုင်ရာ ဒဏ်ငွေ ယွမ် ၃.၂၂ သန်း (ထိုင်းဘတ်ငွေ ၁၅ သန်းခန့်) ပေးဆောင်ရန်နှင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ သိမ်းဆည်းခံရမည့် ပြစ်ဒဏ်များဖြင့် ရင်ဆိုင်နေရသည်။ မစ္စမီမှာမူ အဆိုပါလုပ်ငန်း၏ ရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ဝန်ဆောင်မှုယူမည့်သူများကို ရှာဖွေခြင်းလုပ်ငန်းများကို တာဝန်ယူခဲ့သူ ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦး၏ ဗီဇာများကို ပယ်ဖျက်လိုက်ပြီး တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- Bangkok Post

By Htet Ko