PSM(NEWS)

ဧပြီ ၇၊ ၂၀၂၆

ကြားခံနိုင်ငံများမှတစ်ဆင့် ပေးပို့လာသော လတ်တလော အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များနှင့် ပတ်သက်၍ အီရန်နိုင်ငံအနေဖြင့် မိမိတို့၏ ရပ်တည်ချက်နှင့် တောင်းဆိုချက်များကို မူဘောင်ချမှတ် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် ညှိနှိုင်းဆွေးနွေးမှုများသည် “နောက်ဆုံးရာဇသံပေးခြင်းနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မည်ဟု ခြိမ်းခြောက်ခြင်းများ” နှင့် လိုက်လျောညီထွေမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီ က တဟီရန်အနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံသည့် လိုအပ်ချက်များကို သတ်မှတ်ထားပြီးဖြစ်ကာ ကြားခံလမ်းကြောင်းများမှတစ်ဆင့် အသိပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခင်က အမေရိကန်ပြည်ထောင်စု ၏ အချက် ၁၅ ချက်ပါ အစီအစဉ်ကဲ့သို့သော တောင်းဆိုမှုများသည် “လွန်ကဲလွန်းခြင်း” ကြောင့် ငြင်းပယ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“အီရန်နိုင်ငံဟာ မိမိတို့ရဲ့ တရားဝင်တောင်းဆိုချက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ ဝန်မလေးပါဘူး။ အဲဒီလို ဖော်ပြတာကို အလျှော့ပေးလိုက်လျောတဲ့ လက္ခဏာလို့ မယူဆသင့်ဘဲ မိမိတို့ရဲ့ ရပ်တည်ချက်တွေကို ကာကွယ်ဖို့ ယုံကြည်မှုရှိတာကို ရောင်ပြန်ဟပ်တာလို့ပဲ မြင်သင့်ပါတယ်” ဟု ဘာဂါယီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့အကြား အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ အီရန်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် “ကျွန်တော်တို့ ကိုယ်ပိုင်တုံ့ပြန်မှုတွေကို ပြင်ဆင်ပြီးပါပြီ” ဟု ပြောဆိုခဲ့ပြီး အသေးစိတ်အချက်အလက်များကို သင့်တော်သည့်အချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *