PSM(NEWS)
ဖေဖော်ဝါရီ ၇၊၂၀၂၆

ဂျပန်နိုင်ငံ၊ ဖူဂျီယိုရှီဒါမြို့ရှိ နာမည်ကျော် ဖူဂျီတောင်ရှုခင်းကြည့်နေရာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နွေဦးချယ်ရီပန်းပွဲတော်ကို ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း မြို့အာဏာပိုင်များက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်မှာ ခရီးသွားဦးရေ အလွန်အမင်းများပြားလာမှုနှင့်အတူ ဧည့်သည်များ၏ အနှောင့်အယှက်ဖြစ်စေသော အပြုအမူများအပေါ် ဒေသခံများက စိုးရိမ်မကင်းဖြစ်ကာ ကန့်ကွက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ယာမာနာရှီ စီရင်စုရှိ အာရာကူရာယာမ ဆန်ဂန်ပန်းခြံ တွင် ကျင်းပသည့် ဤပွဲတော်သည် ဆယ်စုနှစ်တစ်ခုနီးပါး သက်တမ်းရှိပြီဖြစ်ပြီး ပုံမှန်အားဖြင့် ခရီးသွားပေါင်း ၂ သိန်းခန့် လာရောက်လေ့ရှိသည်။

သို့သော်လည်း ယခုနောက်ပိုင်းတွင် ယန်းငွေတန်ဖိုး ကျဆင်းလာမှုနှင့် လူမှုကွန်ရက်စာမျက်နှာများ၌ ထိုနေရာမှာ နာမည်ကြီးလာမှုကြောင့် ပန်းပွင့်ချိန်အတွင်း တစ်ရက်လျှင် လူပေါင်း ၁ သောင်းခန့်အထိ တိုးဝှေ့လာရောက်လျက်ရှိရာ ဒေသခံလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။

မြို့အုပ်ချုပ်ရေးအဖွဲ့၏ အဆိုအရ ခရီးသွားအချို့မှာ သန့်စင်ခန်းအသုံးပြုရန်အတွက် ဒေသခံတို့၏ နေအိမ်များအတွင်း ကျူးကျော်ဝင်ရောက်ခြင်း၊ အိမ်ခြံဝင်းများအတွင်း အညစ်အကြေးစွန့်ခြင်းနှင့် တားမြစ်သည့်အခါ ရန်လိုတုံ့ပြန်ခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများစွာ ရှိနေကြောင်း သိရသည်။

ထို့ပြင် ကျောင်းသွားကျောင်းပြန် ကလေးငယ်များမှာလည်း ကျဉ်းမြောင်းသော လမ်းဘေးပလက်ဖောင်းများပေါ်တွင် ဓာတ်ပုံရိုက်ရန် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးကြောင့် တွန်းတိုက်ခံရခြင်းများ ရှိနေသဖြင့် မိဘများက ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေကြသည်။

ဖူဂျီယိုရှီဒါ မြို့တော်ဝန် ရှီဂဲရု ဟိုရီယူချီ က “လှပတဲ့ ဒီရှုခင်းတွေရဲ့ နောက်ကွယ်မှာ မိမိတို့ မြို့သူမြို့သားတွေရဲ့ အေးချမ်းတဲ့ နေ့စဉ်ဘဝတွေ ခြိမ်းခြောက်ခံနေရတာကို တွေ့မြင်နေရတဲ့အတွက် ကျွန်တော် အလွန်စိုးရိမ်မိပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲတော်ကို တရားဝင်ပွဲအဖြစ် ကျင်းပတော့မည်မဟုတ်သော်လည်း ဧပြီလ ချယ်ရီပန်းပွင့်ချိန်တွင် ခရီးသွားများ ဆက်လက်ရောက်ရှိလာဦးမည်ဟု ခန့်မှန်းရသဖြင့် အာဏာပိုင်များက လုံခြုံရေးတိုးမြှင့်ရန်၊ ယာယီကားပါကင်များနှင့် ရွေ့လျားသန့်စင်ခန်းများ စီစဉ်ရန် ပြင်ဆင်နေရသည်။

ဂျပန်နိုင်ငံ၏ အခြားသော ကမ္ဘာလှည့်ခရီးသွား နာမည်ကြီးနေရာတစ်ခုဖြစ်သည့် ကျိုတို မြို့တွင်လည်း ယခုကဲ့သို့ပင် ခရီးသွားဦးရေ အလွန်အမင်း များပြားလာမှု ကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ဒေသခံတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။

ကိုးကား The Independent

#ဖူဂျီတောင်
#ချယ်ရီပန်းပွဲတော်
#ကမ္ဘာလှည့်ခရီးသွား
#စည်းကမ်းမဲ့မှု
#ပွဲတော်ဖျက်သိမ်း
#PSM_News

See less

By Htet Ko