PSM (News)

ဩဂုတ် ၆၊ ၂၀၂၆

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ဗန်ကူးဗားမြို့သို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသော တရုတ်တက်ကြွလှုပ်ရှားသူ ကျန်းရှင်းယန်သည် ကနေဒာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ ထောက်ခံသူများကို ကိုးကား၍ The Globe and Mail သတင်းစာက ယင်းသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျန်းသည် ထိုင်းနိုင်ငံမှ ထွက်ခွာခွင့်ရရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

အသက် (၅၅) နှစ်အရွယ်ရှိ ကျန်းသည် နိုင်ငံရပ်ခြားတွင် ခိုလှုံနေကြသော ဟောင်ကောင်နိုင်ငံသားများကို ကိုယ်စားပြုသည်ဟုဆိုသည့် ပြည်ပရောက် “ဟောင်ကောင်ပါလီမန်” ဖွဲ့စည်းရန်အတွက် ယမန်နှစ်က ရွေးချယ်ခံခဲ့ရသူ (၁၅) ဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ သူမသည် ၂၀၁၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ပြီး ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်အဆင့်အတန်းကို ရရှိထားသူဖြစ်သည်။ သို့သော် မေလအတွင်းက ဗီဇာသက်တမ်းကျော်လွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဘန်ကောက်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသဖြင့် တရုတ်နိုင်ငံသို့ ပြည်နှင်ဒဏ်ခံရမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

သူမ၏ ထောက်ခံသူများကမူ ကနေဒါ သံတမန်များ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၊ ထိုင်းလွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဝင်ရောက်ကူညီပေးမှုကြောင့် သူမ ထွက်ခွာနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် တရုတ်နိုင်ငံသို့ ပြည်နှင်ဒဏ်ခံရနိုင်ခြေရှိသော ခိုလှုံခွင့်တောင်းခံသူများနှင့် နိုင်ငံခြားသားများအပေါ် ထိုင်းနိုင်ငံ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်စေခဲ့သည်။ ယခုကဲ့သို့ ဖြစ်ပျက်မှုများကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးခိုလှုံသူများကို ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် စိုးရိမ်ပူပန်မှုများကို ထပ်မံဖြစ်ပေါ်စေခဲ့သည်။

ကိုးကား – Khaosod

By Htet Ko