PSM(NEWS)

ဧပြီ ၆၊ ၂၀၂၆

အီရတ်နိုင်ငံထုတ် ရေနံစိမ်းများတင်ဆောင်လာသည့် ရေနံတင် သင်္ဘောတစ်စီးသည် အီရန်ကမ်းရိုးတန်းနှင့် နီးကပ်စွာရှိသော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း LSEG နှင့် Kpler တို့မှ ရရှိသည့် အချက်အလက်များအရ သိရသည်။

အရေးပါသည့် အဆိုပါ ရေလမ်းကြောင်းကို ဖြတ်သန်းသွားလာရာတွင် အီရတ်နိုင်ငံအား ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ပြုမည်ဟု အီရန်က ပြောကြားခဲ့ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

Ocean Thunder အမည်ရှိ အဆိုပါသင်္ဘောသည် မတ်လ ၂ ရက်နေ့က ရေနံစိမ်း စည်ပေါင်း ၁ သန်းခန့် တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဧပြီလလယ်တွင် မလေးရှားနိုင်ငံ၊ ပန်ဂဲရန်းရှိ ရေနံသိုလှောင်စခန်းသို့ ရောက်ရှိဆိုက်ကပ်မည်ဟု Kpler ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

မလေးရှားအစိုးရပိုင် စွမ်းအင်လုပ်ငန်းစုဖြစ်သည့် Petronas (Petroliam Nasional Bhd) ၏ လက်အောက်ခံဖြစ်သော Petco ကငှားရမ်းထားသည့်အဆိုပါ သင်္ဘောသည် အီရန်၏ ခွင့်ပြုချက်ရရှိထားသော မလေးရှားနှင့်ဆက်နွှယ်သည့် သင်္ဘောခုနစ်စီးအနက် တစ်စီးဖြစ်ကြောင်း ကိစ္စရပ်နှင့် နီးစပ်သူနှစ်ဦးက ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အီရန်အရာရှိများနှင့် ဆွေးနွေးပြီးနောက် မလေးရှားသင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း Petronas၊ Vantris Energy နှင့် MISC အပါအဝင် မလေးရှားကုမ္ပဏီများနှင့် ဆက်နွှယ်နေသည့် သင်္ဘောခုနစ်စီးသည် ဖြတ်သန်းခွင့် စောင့်ဆိုင်းနေကြောင်း အတည်ပြုခဲ့သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *