PSM (NEWS)

ဇွန် ၅၊ ၂၀၂၆

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ်တွင် အစာနှင့် အောက်ဆီဂျင် အထောက်အပံ့မပါဘဲ တစ်ပတ်နီးပါး ပျောက်ဆုံးနေခဲ့သည့် နီပေါလူမျိုး ရှာပါလမ်းပြတစ်ဦးကို အံ့ဖွယ်ကောင်းစွာ အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း တောင်တက်လုပ်ငန်းတာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။

အသက် ၅၂ နှစ်အရွယ် ဒဝါရှာပါ သည် ပိုလန်နိုင်ငံသား တောင်တက်သမားတစ်ဦးနှင့်အတူ အမြင့်ပေ ၈,၈၄၉ မီတာ (၂၉,၀၃၂ ပေ) ရှိသည့် ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပြန်လည်ဆင်းလာစဉ်အတွင်း Camp III နှင့် Camp IV ကြားတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

၎င်းကို မေလ ၂၉ ရက်နေ့နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ တောင်တက်ဖော်မှာ အခြေစိုက်စခန်း သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း မည်သို့ကွဲကွာသွားသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

ဆာဂါမာသာ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးကော်မတီမှ လာမာကာဇီရှာပါ က ၎င်းတို့အဖွဲ့သည် တောင်တက်ရာသီကုန်ဆုံးပြီးနောက် တောင်ပေါ်ရှိ အမှိုက်များကို ရှင်းလင်းနေစဉ်အတွင်း အခြေစိုက်စခန်းအထက်ရှိ ခွန်ဘူ ရေခဲပြင်အနီးတွင် ဒဝါရှာပါကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဘေးကင်းလုံခြုံစွာဖြင့် အောက်သို့ ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း ပြောကြားသည်။

ဒဝါရှာပါသည် တောင်တက်ဝတ်စုံနှင့်ပင် ကယ်ဆယ်ရေးရဟတ်ယာဉ်ဆင်းသက်ရာနေရာမှတစ်ဆင့် ကတ်မန်ဒူးရှိ HAMS ဆေးရုံသို့ ချက်ချင်းပို့ဆောင်ကုသမှု ခံယူခဲ့ရသည်။

၎င်း၏ မိသားစုဝင်များက ဒဝါရှာပါ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အအေးဒဏ်ကြောင့်ဖြစ်သည့် နှင်းကိုက်နာအတွက် ကုသမှုခံယူနေကြောင်း ပြောဆိုသည်။

“သူက ကျွန်မကို မှတ်မိတယ်၊ အခြေအနေကောင်းပါတယ်၊ စကားလည်း ပြောနိုင်ပါတယ်” ဟု ဒဝါရှာပါ၏သမီး မန်ဒိုလာမိုရှာပါ က ပြောကြားခဲ့သည်။

နီပေါနိုင်ငံရှိ ဧဝရတ်တောင်တက်ကုမ္ပဏီတစ်ခု၏ လူမှုကွန်ရက်စာမျက်နှာတွင် “ဒဝါရှာပါဟာ အစားအစာ၊ ရေသန့်၊ အောက်ဆီဂျင်အထောက်အပံ့မပါဘဲ ခွန်ဘူရေခဲပြင်လို အန္တရာယ်များတဲ့နေရာမှာ တစ်ပတ်နီးပါး တစ်ယောက်တည်း ရုန်းကန်ရှင်သန်ခဲ့ရတာပါ။ ဒါဟာ အံ့ဖွယ်တစ်ခုပါပဲ” ဟု ရေးသားဖော်ပြထားသည်။

ယခုနှစ် တောင်တက်ရာသီတွင် တောင်တက်သမားနှင့် လမ်းပြစုစုပေါင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး တောင်တက်ခွင့်ပြုမိန့် ၄၉၄ ခုအထိ ထုတ်ပေးထားကြောင်း သိရသည်။ ယခုရာသီတွင် တောင်တက်သမားနှင့် လမ်းပြ ၅ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed