PSM (NEWS)

ဇွန် ၅ ၊ ၂၀၂၆

ဗီယက်နမ်နိုင်ငံသည် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်ထားသော ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ်ခြင်းကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည်ဟူသော အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် (USTR) ၏ ကောက်ချက်သည် ဗီယက်နမ်၏ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝ သို့မဟုတ် တိကျမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ဗီယက်နမ်နိုင်ငံ၏ မူဝါဒအရ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု မည်သည့်ပုံစံကိုမဆို တင်းကျပ်စွာ တားမြစ်ထားပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ စည်းမျဉ်းများကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ဟနွိုင်းမြို့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူးဟန် က ပြောဆိုသည်။

အမေရိကန်အစိုးရသည် အတင်းအဓမ္မလုပ်အားပေးမှုဖြင့် ထုတ်လုပ်ထားသော ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ်ခြင်းကို ထိန်းချုပ်ရန် ပျက်ကွက်သည်ဟု သတ်မှတ်ကာ ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်း ၆၀ မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ၁၂.၅ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံရန် ယခုသီတင်းပတ်အစောပိုင်းတွင် အဆိုပြုထားသည်။

အဆိုပါစွပ်စွဲချက်ကို အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံများက ပယ်ချထားသည်။

ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများသည် အမေရိကန်နိုင်ငံသို့ ဗီယက်နမ်၏ ပို့ကုန်များ မြင့်တက်လာချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၏ အချက်အလက်များအရ ယခုနှစ် ပထမသုံးလပတ်တွင် ဗီယက်နမ်နှင့် ကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၅၄.၈ ဘီလီယံအထိ ရှိခဲ့ပြီး၊ ယင်းမှာ ထိုင်ဝမ်ပြီးလျှင် ဒုတိယအများဆုံးဖြစ်ကာ တရုတ်နှင့် မက္ကဆီကိုတို့ထက် ပိုမိုများပြားကြောင်း သိရသည်။

“ဗီယက်နမ်နိုင်ငံအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ အမေရိကန်နဲ့အတူ အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို၊ အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်အကျိုးစီးပွားကိုလည်း အမြဲတစေ ကာကွယ်ပေးသွားမှာပါ” ဟု ဖမ်သူးဟန်က ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ဗီယက်နမ်နိုင်ငံကို ကုန်သွယ်မှုပုံစံဖျက်ဆီးခြင်း၊ ပညာဉာဏ်ဆိုင်ရာ ပစ္စည်းမူပိုင်ခွင့် ချိုးဖောက်ခြင်းနှင့် အတင်းအဓမ္မလုပ်အားပေးမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများကို အသုံးပြုခြင်း စသည့်အချက်များဖြင့် အဓိကထား ပစ်မှတ်ထားလျက်ရှိသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed