PSM(NEWS) ဧပြီ ၅ ၊၂၀၂၆ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ကိစ္စရပ်များနှင့် ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာရေကြောင်းသွားလာနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရန် ဩစတြေးလျနိုင်ငံသို့ သွားရောက်ရန်စီစဉ်နေကြောင်း နစ်ကေးသတင်းစာကသောကြာနေ့တွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံနှင့် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို တိုကျိုမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် မကြာမီမှာပင်ဝန်ကြီးချုပ်တာကာအိချိ၏ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဂျပန်အမျိုးသား ရုပ်သံလွှင့်ဌာန NHK က ဆိုသည်။ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သည့် တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရသော ထောက်ပံ့ရေးကွင်းဆက်ကို ခွဲထုတ်ရန်ဂျပန်နှင့် အနောက်နိုင်ငံအစိုးရများက ရည်မှန်းထားကြသည်။ ဂျပန်နှင့်ဩစတြေးလျ ခေါင်းဆောင်များသည် “လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသ” (Free and Open Indo-Pacific) ဖော်ဆောင်ရေး အစပျိုးမှုကိုလည်း ဆွေးနွေးကြမည်ဟု နစ်ကေးသတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းမှုများကြောင့် ဩစတြေးလျ သတ္တုတူးဖော်ရေး လုပ်ငန်းများမှာလည်း သဘောတူညီချက်သစ်များ ရရှိနေကြသည်။ ပြီးခဲ့သည့် အပတ်က ဩစတြေးလျအခြေစိုက် Lynas ကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံမှ LS Eco Energy နှင့် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်ရရှိနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဩစတြေးလျ၏ အရေးပါသော သတ္တုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံများထဲတွင် ပြင်သစ်နိုင်ငံလည်း ပါဝင်ကြောင်း ဩစတြေးလျသယံဇာတဝန်ကြီးက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation လကမ္ဘာသို့ ဦးတည်နေသည့် အာတဲမစ် ၂အာကာသယာဉ်မှူးများ ကမ္ဘာနှင့်လအကြား တစ်ဝက်ခရီးသို့ ရောက်ရှိ ထရမ့်အစိုးရက အီရန်၏ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးခဲ့ပြီးနောက် အီရန်ရေနံဝယ်ယူမှုကို အိန္ဒိယအတည်ပြု