PSM_News

ဧပြီ ၄၊ ၂၀၂၆

သောကြာနေ့က ယူကရိန်းနိုင်ငံတစ်ဝှမ်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၈ဦးသေဆုံးခဲ့ပြီး မြို့တော်အနီးတွင် ဒုံးကျည်နှင့် ဒရုန်းများဖြင့်“အကြီးအကျယ်”တိုက်ခိုက် ခံခဲ့ရကြောင်း ဒေသန္တရ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ရုရှားသည် အရပ်သားများအား ဒုက္ခပိုမိုရောက်ရှိစေရန် ၎င်းတို့၏ ဗျူဟာကို ပြောင်းလဲလာကြောင်း၊ နေ့ခင်းဘက်တွင် အရှိန်အဟုန်ဖြင့် တိုက်ခိုက်လာသည့်အပြင် အဓိက အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရန်ပြင်ဆင်နေကြောင်းယူကရိန်းအရာရှိများကပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်းစကီးက ဖြစ်နိုင်ခြေရှိသော အီစတာပွဲတော် အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းဘက်မှ အသင့်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

အဆိုပါပွဲတော်ကို ယူကရိန်းနှင့် ရုရှားနိုင်ငံတို့တွင် ဧပြီလ ၁၂ ရက်နေ့၌ ကျင်းပကြမည် ဖြစ်သည်။

ထို့ပြင် ရုရှား၏ ဝေဟင်တိုက်ခိုက်မှုဗျူဟာများ ပြောင်းလဲလာမှုကို ယူကရိန်းဘက်မှ ပြင်ဆင်နေကြောင်းနှင့် နောင်တွင် စွမ်းအင်အခြေခံအဆောက်အအုံများသာမက အခြားကဏ္ဍများကိုပါ တိုက်ခိုက်လာနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများအရ ၎င်းက ပြောဆိုခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ရုရှားနိုင်ငံတစ်ဝှမ်းနှင့် သိမ်းပိုက်ထားသော ခရိုင်းမီးယားနယ်မြေအတွင်း ညတွင်းချင်း ပစ်လွှတ်လာသော ယူကရိန်းဒရုန်း ၁၉၂ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“ကိဗ်ဒေသဟာ ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်တာကို တစ်ကျော့ပြန် ခံစားနေရပါတယ်”ဟု ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေးမှူး မိုင်ကိုလာ ကာလက်ရှ်ညက် က သောကြာနေ့တွင် တယ်လီဂရမ် မှတစ်ဆင့် ပြောကြားခဲ့သည်။

ကိဗ်မြို့၏ အနီးအနားမြို့များဖြစ်သော ဘူချာ၊ဖက်စတစ်နှင့် အိုဘူခစ်ဗ် မြို့များသို့ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် ရုရှားကျူးကျော်တပ်များ၏ ဘူချာမြို့ရှိရက်စက်ကြမ်းကြုတ်မှု ၄ နှစ်ပြည့် အခမ်းအနားကျင်းပပြီး ရက်ပိုင်းအကြာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *