PSM(NEWS)
ဖေဖော်ဝါရီ ၄၊ ၂၀၂၆

ဖေဖော်ဝါရီလ ၂ ရက်တွင်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ရုရှားအသင်းအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ဘောလုံးပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းပြောကြားခဲ့သည်။

၎င်း၏ မှတ်ချက်ထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်တွင် ယူကရိန်း အားကစားဝန်ကြီး မတ်ဗီ ဘစ်ဒ်ညီကအင်ဖန်တီနို၏ လုပ်ရပ်သည် “ကလေးကလားဆန်ပြီး တာဝန်မဲ့လွန်းသည်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ဥရောပနိုင်ငံများက ရုရှားနှင့် ကစားရန် ငြင်းဆန်ခဲ့ကြသဖြင့် FIFA နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့က ရုရှားကို ကမ္ဘာလုံးဆိုင်ရာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ စစ်ပွဲသည် လေးနှစ်တာကာလအတွင်းသို့ရောက်ရှိလာသော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ဆုတ်ခွာမည့်လက္ခဏာ မရှိဘဲ စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

FIFAဥက္ကဋ္ဌသည်ဖေဖော်ဝါရီလ ၂ ရက်နေ့က Sky Sports နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် “ဒီပွဲပယ်ပြစ်ဒဏ်ဟာ ဘာကိုမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘဲ အမုန်းတရားတွေကိုပဲ ပိုတိုးစေခဲ့တာကြောင့် ရုရှားကို ပြန်လည်လက်ခံဖို့ ကျိန်းသေပေါက် စဉ်းစားရပါမယ်” ဟု ပြောကြားခဲ့သည်။

၎င်းက နိုင်ငံရေးခေါင်းဆောင်များ၏ လုပ်ရပ်ကြောင့် အားကစားကို မပိတ်ပင်သင့်ကြောင်းလည်း အခိုင်အမာဆိုခဲ့သည်။

ယင်းအပေါ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ယူကရိန်းဘက်မှ ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ရုရှားတို့၏ ကျူးကျော်မှုကြောင့် သေဆုံးခဲ့ရသည့် ယူကရိန်းအားကစားသမားနှင့် နည်းပြ ၆၅၀ ကျော်အနက် ဘောလုံးသမား ၁၀၀ ကျော် ပါဝင်နေသည်ကို ထောက်ပြကာ FIFAဥက္ကဋ္ဌ၏ ရပ်တည်ချက်သည် လက်ခံနိုင်ဖွယ်မရှိကြောင်း ကန့်ကွက်ခဲ့သည်။

ကိုးကား The Independent

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်

ကမ္ဘာလုံးဆိုင်ရာ_ပွဲပယ်ပြစ်ဒဏ်

ရုရှားဘောလုံးအသင်း

ပြန်လည်ခေါ်ယူ

ပြင်းထန်စွာဝေဖန်

𝐏𝐒𝐌_𝐍𝐞𝐰𝐬

By Htet Ko