PSM(NEWS)

မတ်လ ၃၁ ၊ ၂၀၂၆

အမေရိကန် အာကာသနှင့် လေကြောင်းဆိုင်ရာ စီမံခန့်ခွဲမှုဌာန (NASA) သည် ၎င်းတို့၏ Artemis IIမစ်ရှင်အတွက်နောက်ဆုံးပြင်ဆင်မှုများကို စတင်လိုက်ပြီဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် အာကာသယာဉ်လွှတ်တင်ရန် လမ်းပွင့်သွားပြီဖြစ်သည်။

ယခုခရီးစဉ်သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က Apollo စီမံကိန်းနောက်ပိုင်း အစွန့်စားဆုံး လူလိုက်ပါသည့်အာကာသခရီးစဉ် ဖြစ်လာမည်ဖြစ်ကာ၊ အာကာသယာဉ်မှူး လေးဦးသည် လကမ္ဘာကို ပတ်၍၁၀ရက်ကြာခရီးနှင်ကြမည်ဖြစ်သည်။

“တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးက ဒါကို ပြန်လုပ်နိုင်ဖို့ အကြာကြီး စောင့်နေခဲ့ကြတာပါ” ဟု မစ်ရှင်အဖွဲ့ခေါင်းဆောင်ရိဒ် ဝိုက်စ်မန်းကဖလော်ရီဒါပြည်နယ်ရှိ ကင်နေဒီ အာကာသစင်တာ ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဤစမ်းသပ်မစ်ရှင်သည်နောင်တွင် လကမ္ဘာပေါ်သို့ ဆင်းသက်မည့် ခရီးစဉ်များအတွက်အခြေခံအုတ်မြစ်ချရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ပထမဆုံး လဆင်းသက်မှုကို ၂၀၂၈ ခုနှစ်တွင် Artemis IV မစ်ရှင်၏ အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ရန် လျာထားသည်။

ဗုဒ္ဓဟူးနေ့လွှတ်တင်မည့်အချိန်တွင် မိုးလေဝသအခြေအနေ ကောင်းမွန်ရန် ၈၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း၊ တိမ်ထူထပ်မှုနှင့် လေပြင်းတိုက်ခတ်မှုအနည်းငယ်သာ ရှိနိုင်ကြောင်း NASAက ဆိုသည်။

အာကာသယာဉ်မှူး လေးဦးတွင် NASA မှ ရိဒ် ဝိုက်စ်မန်း၊ ဗစ်တာ ဂလိုဗာ၊ခရစ္စတီးနား ကို့ခ် နှင့် ကနေဒါအာကာသအေဂျင်စီ (CSA) မှ ဂျယ်ရမီ ဟန်ဆန် တို့ ပါဝင်သည်။

၎င်းတို့သည် မတ်လ ၁၈ရက်နေ့ကတည်းကတက္ကဆက်ပြည်နယ်တွင်ရောဂါပိုးမွှားကင်းစင်ရန် သီးသန့်နေထိုင်မှု စတင်ခဲ့ပြီး သောကြာနေ့တွင် ဖလော်ရီဒါသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

၁၀ ရက်ကြာမည့် ဤခရီးစဉ်တွင် ၎င်းတို့သည် လကမ္ဘာကို ပတ်၍ ပျံသန်းမည်ဖြစ်ပြီး၊ လူသားတို့ သမိုင်းတစ်လျှောက် ကမ္ဘာမြေမှ အဝေးဆုံးအကွာအဝေးသို့ရောက်ရှိမည်ဖြစ်သည်။Orionအာကာသယာဉ်သည် ကမ္ဘာမြေမှ ၄၀၀,၀၀၀ ကီလိုမီတာ (မိုင်ပေါင်း ၂၅၀,၀၀၀) ခန့်အထိ ဝေးကွာသောပတ်လမ်းမှ ပျံသန်းမည်ဖြစ်သည်။

ယခင် အဝေးဆုံးစံချိန်ကို ၁၉၇၀ ပြည့်နှစ်တွင် Apollo 13 က တင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က နည်းပညာချို့ယွင်းမှုကြောင့် လပေါ်ဆင်းသက်မည့် အစီအစဉ်ကို ဖျက်သိမ်းကာ ယခုကဲ့သို့ပင် လကမ္ဘာကို ပတ်၍ ပြန်လာခဲ့ရခြင်း ဖြစ်သည်။ ဧပြီလဆန်းပိုင်းတွင် လကမ္ဘာ၏ တည်နေရာ အနေအထားအရ Artemis II အဖွဲ့သည် Apollo 13 ထက် ပိုမိုဝေးကွာစွာ ခရီးနှင်ရမည်ဖြစ်သည်။

ယခုမစ်ရှင်တွင် အခြားသော “ပထမဆုံး” ဖြစ်ရပ်များလည်း ပါဝင်နေသည်။ လကမ္ဘာသို့ ပထမဆုံးသွားရောက်သည့် အမျိုးသမီး၊ ပထမဆုံး လူမည်းအာကာသယာဉ်မှူးနှင့် ပထမဆုံး အမေရိကန်နိုင်ငံသားမဟုတ်သူ အာကာသယာဉ်မှူးတို့ ပါဝင်မည်ဖြစ်သည်။

ကမ္ဘာမြေသို့ ပြန်လည်ဝင်ရောက်လာချိန်တွင်လည်း Orion ယာဉ်သည် တစ်နာရီလျှင် ကီလိုမီတာ ၄၀,၀၀၀ (၂၅,၀၀၀ မိုင်) ခန့် မြန်နှုန်းဖြင့် ဝင်ရောက်လာမည်ဖြစ်ရာ၊ ၎င်းသည်လည်း လူလိုက်ပါသည့် ယာဉ်တစ်စီးအတွက် စံချိန်တင် မြန်နှုန်းဖြစ်လာနိုင်သည်။

ဗုဒ္ဓဟူးနေ့ လွှတ်တင်မှုကို NASA ၏ ဝက်ဘ်ဆိုက်နှင့် တရားဝင် YouTube ချန်နယ်တို့တွင် ဒေသစံတော်ချိန် နံနက် ၇:၄၅ နာရီမှ စတင်ကာ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ကိုးကား The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *