PSM(NEWS) မတ် ၃၁၊၂၀၂၆ အီရန်စစ်ပွဲတွင် ပါဝင်ပတ်သက်နေသည့် အမေရိကန်လေယာဉ်များအတွက် မိမိတို့နိုင်ငံ၏ လေပိုင်နက်ကို ပိတ်လိုက်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် အရှေ့အလယ်ပိုင်းပဋိပက္ခတွင် အမေရိကန်နှင့် အစ္စရေးတို့ ပါဝင်ပတ်သက်နေမှုအပေါ် စပိန်အစိုးရ၏ ဆန့်ကျင်ကန့်ကွက်မှုကို ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်သည်။ အီရန်ပဋိပက္ခတွင် အမေရိကန်အနေဖြင့် နှစ်နိုင်ငံ ပူးတွဲအသုံးပြုသည့် စစ်အခြေစိုက်စခန်းများကို အသုံးမပြုနိုင်ကြောင်း စပိန်အစိုးရက ရှေးဦးစွာ ပြောကြားထားပြီးဖြစ်သည်။ စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်က အဆိုပါစစ်ပွဲအား တရားမဝင်ကြောင်း၊ ပေါ့ဆရာရောက်ကြောင်းနှင့် မတရားကြောင်း ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘတ်စ်က အဆိုပါမူဝါဒသည် စပိန်လေပိုင်နက် အသုံးပြုမှု အပေါ်တွင်လည်း သက်ရောက်ကြောင်း တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။ “ဒီကိစ္စကို အစကတည်းက အမေရိကန်စစ်တပ်နဲ့ တပ်ဖွဲ့ဝင်တွေကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒါကြောင့် အခြေစိုက်စခန်းတွေကို ခွင့်မပြုသလို၊ အီရန်စစ်ပွဲနဲ့ ပတ်သက်တဲ့ ဘယ်လို လုပ်ဆောင်ချက်အတွက်မဆို စပိန်လေပိုင်နက် အသုံးပြုခွင့်ကိုလည်း ခွင့်မပြုပါဘူး” ဟု ရိုဘတ်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆန်းချက်ဇ် ဦးဆောင်သော စပိန်အစိုးရသည် ဥရောပရှိ လက်ဝဲယိမ်းခေါင်းဆောင်များထဲတွင် အထင်ရှားဆုံးဖြစ်ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများကို အပြင်းထန်ဆုံး ကန့်ကွက်နေသည့် ဥရောပအသံတစ်ခုလည်း ဖြစ်သည်။ ၎င်းက အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကို စစ်ပွဲရပ်တန့်ရန် တောင်းဆိုထားပြီး “ဥပဒေမဲ့လုပ်ရပ်တစ်ခုကို နောက်ထပ် ဥပဒေမဲ့ လုပ်ရပ်တစ်ခုနဲ့ တုံ့ပြန်လို့မရပါဘူး၊ အဲဒီလိုလုပ်ဆောင်တာဟာ လူသားမျိုးနွယ်ရဲ့ ကြီးမားတဲ့ ဘေးဒုက္ခတွေကို စတင်စေတာပဲ ဖြစ်ပါတယ်” ဟု ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။ တောင်ပိုင်းစပိန်ရှိ Rota နှင့် Morónစစ်အခြေစိုက်စခန်းများကို အမေရိကန်အား အသုံးပြုခွင့်ပိတ်ပင်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စပိန်နှင့် ကုန်သွယ်ရေး ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ပြီးခဲ့သည့်နှစ်ကလည်း မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(NATO) အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ထရန့် ၏ ဖိအားပေးမှုကို ဆန်းချက်ဇ်က ငြင်းဆန်ခဲ့ခြင်းကြောင့် စပိန်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ရှိခဲ့ဖူးသည်။ ထိုစဉ်က အခြားသော NATO ဖွဲ့ဝင် ၃၂ နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၅ ရာခိုင်နှုန်းအထိ သုံးစွဲရန် သဘောတူခဲ့ကြသော်လည်း၊ စပိန်အနေဖြင့် ၂.၁ ရာခိုင်နှုန်း သုံးစွဲရုံဖြင့် စစ်ရေးကတိကဝတ်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်ကြောင်း ဆန်းချက်ဇ် အစိုးရက တုံ့ပြန်ခဲ့သည်။ ထို့အပြင် ဂါဇာစစ်ပွဲတွင် အစ္စရေး၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်မှုကြောင့်လည်း အစ္စရေးအစိုးရ၏ ပြစ်တင်ဝေဖန်မှုများကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ “စပိန်ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်၊ လူတိုင်းလည်း သိကြပါတယ်” ဟု ရိုဘတ်စ် က ပြောကြားပြီး အီရန်စစ်ပွဲကို “အလွန်တရာ တရားမဝင်သလို အလွန်တရာလည်း မတရားတဲ့စစ်ပွဲ” ဟု ထပ်လောင်းပြောဆိုခဲ့သည်။ ကိုးကား AP Post navigation သမိုင်းဝင် လကမ္ဘာခရီးစဉ် စတင်ရန် NASA အတည်ပြုချက်ပေး အီရန်စစ်ပွဲ ကြာရှည်နေပါက ငွေကြေးဖောင်းပွမှုနှုန်း “အဆမတန် မြင့်တက်လာနိုင်ကြောင်း” နယူးဇီလန် သတိပေး