PSM (News)

ဧပြီ ၁ ၊ ၂၀၂၆

စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုအလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ သမိုင်းဝင် “မဟာလေးထပ်ကျောင်းတိုက်” အပျက် အစီးများကို သက်တော် ၉၀ ကျော်အရွယ် ကျောင်းထိုင်ဆရာတော်ကြီးက တောင်ဝှေးအားပြု၍ လိုက်လံကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဂျက်ဖိုက်တာလေယာဉ်များဖြင့် ကသာမြို့ (၃) ရပ်ကွက်ရှိ မဟာလေးထပ်ကျောင်းတိုက်အတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာနှင့် အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ကျောင်းတိုက်အတွင်းရှိ ဆွမ်းစားဆောင်ကြီးမှာလည်း မီးလောင်ပြိုကျ ပျက်စီးခဲ့ ရသည်။

မဟာလေးထပ်ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော်ဖြစ်သူ အဂ္ဂမဟာဂန္တဝါစကဘွဲ့တံဆိပ်တော်ရ ဦးကုသလသည် မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ရက်လည်တရားနာပွဲအပြီးတွင် တပည့်သံဃာ များနှင့်အတူ အပျက်အစီးပုံများကြားသို့ ကြွရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ဆရာတော်ကြီးသည် ဗုံးကြဲခံရစဉ်က ကံကောင်းထောက်မစွာ ဘေးကင်းခဲ့သော်လည်း ၎င်းသီတင်း သုံးရာ သမိုင်းဝင် ကျောင်းတော်ကြီးနှင့် ဆွမ်းစားဆောင်ကြီး မီးလောင်ပြာကျနေမှုကို ကြေကွဲဖွယ် မြင်တွေ့ခဲ့ရသည်။

“ဝင်လို့မလွယ်သေးဘူးဘုရား၊ မီးအရှိန်တွေ ရှိနေသေးတယ်၊ အပူရှိန်ရှိနေတုန်းပဲဘုရား” ဟု တပည့်များက တားမြစ်နေသည့်ကြားမှ ဆရာတော်ကြီးမှာ အပျက်အစီးများကြားတွင် တောင်ဝှေး အားပြုကာ လှည့်လည်ကြည့်ရှုနေသည်ကို မှတ်တမ်းများတွင် တွေ့မြင်ရသည်။

အဆိုပါ မဟာလေးထပ်ကျောင်းတိုက်သည် ကသာမြို့၏ သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်ပြီး ကျောင်းတိုက်ဝင်းအတွင်း၌ မာန်လည်ဆရာတော်ဘုရားကြီး တည်ထားခဲ့သည့် တာဝတိံသာမဟာ စေတီတော်လည်း တည် ရှိသည်။

ဧရာဝတီမြစ်ဘေးရှိ ကသာမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တိုင်း ငါးဧကကျော် ကျယ်ဝန်းသည့် မဟာလေးထပ်ကျောင်းတိုက်ကြီးမှာ ဒေသခံများအတွက် အားကိုးရာ ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ် အမြဲတစေ တည်ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ စစ်အုပ်စု၏ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ အားကိုးရာ ကျောင်းတော်ကြီးမှာ မီးလောင်ပြာကျခဲ့ရသလို၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကိုပင် ချန်လှပ်ထားခြင်းမရှိသည့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို သက်တော် ၉၀ ကျော် ဆရာတော်ကြီး ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီဖြစ်သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *