PSM(NEWS) မတ် ၃၁ ၊ ၂၀၂၆ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ခန့်မှန်းထားသည်ထက် “အဆမတန်ပိုမိုမြင့်တက်”လာနိုင်ပြီးဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်သွားနိုင်ကြောင်း နယူးဇီလန် ဘဏ္ဍာရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ဘဏ္ဍာရေးဝန်ကြီး နီကိုလာဝီလစ် ၏ ပြောကြားချက်အရ“ပဋိပက္ခကာလ ပိုမိုကြာရှည်လာပြီး ကုန်စည်စီးဆင်းမှု ကွင်းဆက်များ ပြတ်တောက်မှု ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေ”အပေါ်အခြေခံ၍ ဘဏ္ဍာတိုက်ဦးစီးဌာန၏ နောက်ဆုံး တွက်ချက်မှုများအရ ငွေကြေးဖောင်းပွမှု အထွတ်အထိပ်သို့ ရောက်ရှိမည့်နှုန်းမှာ ယခင်ခန့်မှန်းချက်များထက် ပိုမိုမြင့်မားနေကြောင်း သိရသည်။ “ဒီနှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှုဟာ ကျွန်မတို့မျှော်မှန်းထားတာထက် အများကြီး ပိုမြင့်သွားနိုင်သလို သတ်မှတ်ထားတဲ့ ရည်မှန်းချက် ဘောင်အတွင်းကိုလည်း ပြန်ဝင်လာမှာ မဟုတ်ဘူးလို့ ဘဏ္ဍာတိုက်ကယူဆထားပါတယ်” ဟု နီကိုလာ ဝီလစ် က သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော စတုတ္ထသုံးလပတ် အချက်အလက်များအရ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်း ရှိနေပြီး ဗဟိုဘဏ်၏ သတ်မှတ်ချက်ဖြစ်သော ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအတွင်းထက် ကျော်လွန်နေခဲ့သည်။ ယခုအခါ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မကြာမီကာလအတွင်း ငွေကြေးဆိုင်ရာ တင်းကျပ်သည့် မူဝါဒများ ချမှတ်လာနိုင်ကြောင်း စျေးကွက်အတွင်း ခန့်မှန်းနေကြသည်။ သို့သော်လည်း ဘဏ္ဍာတိုက်အနေဖြင့် နောက်ဆုံးအခြေအနေကို အတည်မပြုရသေးသည့်အတွက် တိကျသည့် ကိန်းဂဏန်း အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ဘဏ္ဍာရေးဝန်ကြီးက ငြင်းဆိုခဲ့သည်။ ကိုးကား Reuters Post navigation အီရန်စစ်ပွဲတွင် ပါဝင်ပတ်သက်နေသည့် အမေရိကန်လေယာဉ်များအား စပိန်က လေပိုင်နက်ပိတ်ပင် စွမ်းအင်ကဏ္ဍ အပစ်အခတ်ရပ်စဲရန် သမ္မတ ဇယ်လန်းစကီး အဆိုပြု၊ အီရန်ပဋိပက္ခကြောင့် ရေနံစျေးနှုန်းများ အဆမတန် မြင့်တက်လာ