PSM (News)

စက်တင်ဘာ ၁၃၊ ၂၀၂၆

ယီမင်နိုင်ငံရှိ အီရန်လိုလားသော ဟူသီသူပုန်များ၏ အရှိန်အဟုန်ပြင်းသော ထိုးစစ်ဆင်မှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထမ့်ပ်အတွက် အရှေ့အလယ်ပိုင်းတွင် အကျပ်အတည်းသစ်တစ်ခု ဖန်တီးလာခဲ့ကြောင်း သိရသည်။

ဟူသီသူပုန်များသည် သီတင်းပတ်ကုန်ပိုင်းအတွင်း ပယ်ရမ်ကျွန်းသို့ ရောက်ရှိလာခဲ့ပြီး ပင်လယ်နီဝင်ပေါက်ကို ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံတင်ပို့မှုများကို ပင်လယ်နီဆိပ်ကမ်းများဘက်သို့ ပြောင်းလဲတင်ပို့နေရသဖြင့် ယခုကဲ့သို့ ဟူသီတို့၏ ခြိမ်းခြောက်မှုသည် ဆော်ဒီ၏ ရေနံပို့လွှတ်ရေးကိုပါ ထပ်မံအန္တရာယ်ကျရောက်စေခဲ့သည်။

ဆော်ဒီအာရေဗျ၏ အမှန်တကယ်အုပ်စိုးသူဖြစ်သော အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆာမန်သည် ကြာသပတေးနေ့က သမ္မတ ထမ့်ပ်ထံ ဖုန်းခေါ်ဆိုကာ ဟူသီများကို တိုက်ခိုက်ရာတွင် အမေရိကန်၏ စစ်ရေးအကူအညီပေးရန် တောင်းဆိုခဲ့သော်လည်း ဝါရှင်တန်အစိုးရအနေဖြင့် လက်ရှိတွင် တိုက်ရိုက်စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ ထောက်လှမ်းရေးအချက်အလက်များကိုသာပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။

ဟူသီတို့အနေဖြင့်ဘပ်အယ်လ်မန်ဒက်ရေလက်ကြားကိုပါ ပိတ်ဆို့လိုက်မည်ဆိုပါက ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၇ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၁၂ ရာခိုင်နှုန်းကို ထပ်မံထိခိုက်စေမည်ဖြစ်ကာ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများကို မြင့်တက်လာစေမည်ဖြစ်သည်။ သို့သော် အီရန်စစ်ပွဲကြောင့် စစ်ရေးအရ အင်အားပါးလျော့နေသည့် အမေရိကန်စစ်တပ်အနေဖြင့် နောက်ထပ်စစ်မျက်နှာပြင်တစ်ခုတွင်ထပ်မံဝင်ရောက်တိုက်ခိုက်ရန်မှာ အန္တရာယ်ကြီးမားလှသည့် အနေအထားတွင် ရှိနေသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *