PSM (News)

စက်တင်ဘာ ၁၃၊၂၀၂၆

အမေရိကန်နိုင်ငံတွင် ပညာသင်ဆုရရှိခဲ့သည်ဟု မိဘများကို လိမ်ညာပြောဆိုစေပြီး ငွေကြေးလွှဲပြောင်းခိုင်းကာ လှည့်စားခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်း၏ လက်ထဲမှ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ တစ်ဦးကို ထိုင်းနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေးဌာန (ACSC) က ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ACSC မှ အရာရှိများသည် ပထုံဌာနီခရိုင်၊ ထန်ယာဘူရီမြို့နယ်၊ ပရာချာသီပတ် ရပ်ကွက်ရှိ ဟိုတယ်ခန်းတစ်ခုအတွင်း အဆိုပါ အမျိုးသမီးငယ်ကို သွားရောက်တွေ့ဆုံ ကူညီပေးခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ် အဆိုပါ အမျိုးသမီးငယ်မှာ စိုးရိမ်ထိတ်လန့်ပြီး ရှုပ်ထွေးနေသော အနေအထားတွင် ရှိနေခဲ့ပြီး လိမ်ညာသူများ၏ ဖုန်းဖြင့် အဆက်မပြတ် ထိန်းချုပ်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် အဆိုပါ အမျိုးသမီးငယ်ထံသို့ ဖစ်ချစ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးအဖြစ် ဟန်ဆောင်ကာ ဖုန်းခေါ်ဆိုလာခဲ့ရာမှ စတင်ခဲ့သည်။ ခေါ်ဆိုသူက သူမ၏ မှတ်ပုံတင်ကတ်ပြား(ID)မိတ္တူကို အသုံးပြု၍ ဖစ်ချစ်ခရိုင်အတွင်း ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ထားခဲ့ပြီး ငွေကြေးခဝါချမှု အမှုနှင့် ချိတ်ဆက်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ထို့နောက် ဆက်သွယ်ရေးကွန်ရက် ရုံးချုပ်မှ ဝန်ထမ်းအဖြစ် ဟန်ဆောင်သူတစ်ဦးကလည်း သူမ၏ ID နံပါတ်ဖြင့် ဖုန်းဆင်းကတ် ဝယ်ယူထားကြောင်း ထပ်မံဖုန်းဆက်ခဲ့သည်။ အပြစ်ကင်းစင်ကြောင်း သက်သေပြရန် ရဲတပ်ဖွဲ့ထံ တိုင်ကြားသင့်ကြောင်း အကြံပြုခဲ့သဖြင့် သူမသည် အတုအယောင် ရဲအရာရှိထံသို့ ထပ်မံဆက်သွယ်ခဲ့ရသည်။

ထိုမှတစ်ဆင့် စစ်ဆေးရန်ဟန်ဖြင့် ငွေကြေးဘတ် ၁ သန်း လွှဲပြောင်းရန် ညွှန်ကြားခဲ့ပြီး ငွေကြေးမရှိသဖြင့် အမေရိကန်နိုင်ငံသို့ ပညာသင်ဆုရရှိထားသဖြင့် ငွေပြသရန် လိုအပ်ကြောင်း မိဘများကို လိမ်ညာပြောဆိုပြီး ငွေတောင်းခံခိုင်းခဲ့သည်။ အဆိုပါ အမျိုးသမီးငယ်သည် ဖခင်ဖြစ်သူထံမှ ဘတ် ၁ သန်းတောင်းခံကာ လိမ်လည်သူများထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင်လည်း Telegram မှတစ်ဆင့် ဆက်သွယ်ကာ အကြိမ်ကြိမ် ငွေလွှဲခိုင်းခဲ့ရာ စုစုပေါင်း ငွေလွှဲမှု ၆ ကြိမ်ပြုလုပ်ခဲ့ရပြီး ငွေပမာဏမှာ ဘတ် ၁. ၇၈ သန်း အထိ ရှိခဲ့သည်။

ဖခင်ဖြစ်သူက ပထမအကြိမ် ငွေလွှဲပေးပြီးနောက် သံသယဝင်လာကာ သမီးဖြစ်သူပြောသည့် ပညာသင်ဆုကုမ္ပဏီကို စစ်ဆေးခဲ့ရာ အချက်အလက်များ မကိုက်ညီသည်ကို တွေ့ရှိခဲ့ရသည်။ ဖခင်ဖြစ်သူက သတိပေးခဲ့သော်လည်း သမီးဖြစ်သူက မယုံကြည်ဘဲ အိမ်မှထွက်သွားခဲ့ကာ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို့ကြောင့် ဖခင်ဖြစ်သူက ခလုံလွမ်ရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းကာ ဟိုတယ်ခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရသည့် အမျိုးသမီးငယ်ကို ရှာဖွေတွေ့ရှိ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

ကိုးကား -Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *