PSM(News) ဧပြီ ၃၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် (၇) နှစ်အရွယ်ရှိ သမီးအရင်းကို လည်ပင်းညှစ် သတ်ဖြတ်ကာ ထွက် ပြေးတိမ်းရှောင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ယမန်နေ့ ဧပြီ ၂ ရက်နေ့က ခိုလန်းကျွန်း (Koh Larn) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဖမ်းဆီးခံရသူမှာ အသက် ၃၄ နှစ်အရွယ် မမျိုးပပထွန်း ဖြစ်ပြီး ၎င်းသည် ဧပြီ ၁ ရက်နေ့က မင်းဘူရီခရိုင်၊ ရာမခမ်းဟိန်းလမ်းရှိ နေအိမ်တစ်လုံးတွင် သမီးဖြစ်သူကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဧပြီ ၂ ရက် မွန်းလွဲပိုင်းက ချောင်ဘူရီပြည်နယ်၊ ပတ္တရားကမ်းလွန်ရှိ ခိုလန်းကျွန်းပေါ်မှ ဟိုတယ်ခန်းတစ်ခုတွင် ထိုင်းရဲတပ်ဖွဲ့က ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ တရားခံ မမျိုးပပထွန်း၏ ဝန်ခံချက်အရ ၎င်းသည် ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် စိတ်ဖိစီးမှု အပြင်းအထန် ခံစားနေရသဖြင့် သမီးဖြစ်သူနှင့်အတူ မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ကလေးငယ်ကို ဦးစွာ သတ်ဖြတ်ပြီးနောက် မိမိကိုယ်မိမိ သတ်သေရန် သတ္တိမရှိတော့သဖြင့် ခိုလန်းကျွန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ “သံသယရှိသူဟာ စွပ်စွဲချက်အားလုံးကို ဝန်ခံထားပါတယ်။ သူဟာ စိတ်ကျရောဂါနဲ့ ဘဝအခက် အခဲတွေကို ဆက်တိုက် ရင်ဆိုင်နေရသူ ဖြစ်ပါတယ်” ဟု စုံစမ်းစစ်ဆေးရေးမှူး ရဲဒုတိယဗိုလ်မှူးကြီး စူရိယ ကွန်ဂျာကောက ပြောကြားခဲ့သည်။ ၎င်းသည် ဘရူနိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်ရာမှ မကြာသေးမီကမှ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး အခင်းမဖြစ်ပွားမီ ရက်ပိုင်းအလိုကမှ သမီးဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မမျိုးပပထွန်းကို မင်းဘူရီရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး ဥပဒေအရ အရေးယူ နိုင်ရန် ဆက်လက် စစ်ဆေးလျက်ရှိသည်။ ကိုးကား – Khaosod Post navigation စစ်ပွဲကြောင့် စွမ်းအင်ပြတ်တောက်မှုများ ရှိနေသော်လည်း လောင်စာဆီထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းရန် ပုဂ္ဂလိက ရေနံချက်စက်ရုံများကို တရုတ်အစိုးရ တိုက်တွန်း အီရန်နိုင်ငံရှိ အရပ်ဘက်ပစ်မှတ်များကိုအမေရိကန် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အကြီးအကဲက ဒေါ်နယ်ထရမ့်အား သတိပေး