PSM(NEWS)

ဧပြီလ ၃၊၂၀၂၆

တရုတ်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) သည် ပြည်တွင်းလောင်စာဆီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပုဂ္ဂလိက ရေနံချက်စက်ရုံများအနေဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုနှုန်းကို လွန်ခဲ့သော နှစ်နှစ်အတွင်းက ပျမ်းမျှပမာဏအောက် လျော့နည်းခြင်းမရှိစေရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံစျေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းနှင့် ပြည်တွင်းလောင်စာဆီ ဝယ်လိုအား ကျဆင်းနေခြင်းတို့ကြောင့် “Teapots” ဟု လူသိများသည့် အဆိုပါ ပုဂ္ဂလိက ရေနံချက်စက်ရုံငယ်များသည် ဧပြီလတွင် ရေနံစိမ်းချက်လုပ်မှုနှုန်းကို လျှော့ချရန် ပြင်ဆင်နေချိန်၌ ယခုကဲ့သို့ အစိုးရ၏ တွန်းအားပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ပါက ရေနံစိမ်းတင်သွင်းခွင့် ခွဲတမ်း များ လျှော့ချခံရနိုင်ကြောင်း သိရသည်။

ရှန်တုန်းပြည်နယ်ရှိ ပုဂ္ဂလိက ရေနံချက်စက်ရုံများသည် ၂၀၂၄ ခုနှစ်တွင် ပျမ်းမျှ ၅၃.၆၆ ရာခိုင်နှုန်းနှင့် ယမန်နှစ်တွင် ၄၈.၀၉ ရာခိုင်နှုန်းဖြင့် လည်ပတ်ခဲ့ကြောင်း အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် Oilchem အရ သိရသည်။

အရှေ့အလယ်ပိုင်း စစ်ပွဲများကြောင့် လောင်စာဆီ ပြတ်လပ်မှုကို ကြိုတင်ကာကွယ်ရန် တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လမှစတင်၍ ချောဆီနှင့် လောင်စာဆီ ပြည်ပသို့ တင်ပို့မှုကို ရပ်ဆိုင်းထားပြီး အဆိုပါ ကန့်သတ်ချက်ကို ဧပြီလအထိ သက်တမ်းတိုးထားသည်။

ပုဂ္ဂလိက ရေနံချက်စက်ရုံများသည် တရုတ်နိုင်ငံ တစ်ဝန်းလုံးရှိ ရေနံချက်လုပ်မှု စွမ်းရည်၏ လေးပုံတစ်ပုံခန့် ရှိသောကြောင့် ၎င်းတို့၏ ထုတ်လုပ်မှုနှုန်းမှာ နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပါသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *