PSM(NEWS) ဧပြီ ၃၊ ၂၀၂၆ အီရန်စစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်သို့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က စစ်ပွဲသည် “ပြီးဆုံးလုနီးပြီ” ဖြစ်ကြောင်းနှင့် အမေရိကန်၏ စစ်ရေးရည်မှန်းချက် အားလုံးနီးပါး အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏လူထုထောက်ခံမှုနှုန်း သိသိသာသာ ကျဆင်းလာစေသည့် အဆိုပါ ပဋိပက္ခကို မည်သို့မည်ပုံ အဆုံးသတ်မည်ဆိုသည်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း မရှိခဲ့ပေ။ ထရန့်က “ဒီညမှာ ကျွန်တော် ဝမ်းမြောက်စွာ ပြောကြားလိုတာကတော့ကျွန်တော်တို့ရဲ့ အဓိကမဟာဗျူဟာမြောက် ရည်မှန်းချက်တွေဟာ ပြီးဆုံးဖို့ နီးကပ်နေပြီဆိုတာပါပဲ။ ပြီးခဲ့တဲ့ သီတင်းပတ်လေးပတ်အတွင်းမှာ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်မြေပြင်မှာ လျင်မြန်ပြတ်သားပြီး အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါဟာ လူအနည်းငယ်သာ မြင်ဖူးခဲ့တဲ့ အောင်ပွဲမျိုးပါ” ဟု ဆိုသည်။ ထို့အပြင် ဟော်မုဇ်ရေလက်ကြား မှတစ်ဆင့် ရေနံတင်သွင်းနေသည့် နိုင်ငံများအနေဖြင့် ၎င်းတို့ဘာသာ အဆိုပါရေလမ်းကြောင်းကိုတာဝန်ယူ စောင့်ရှောက်ကြရန်လည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။ သမ္မတသည် အစ္စရေး၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ ကူဝိတ်နှင့် ဘာရိန်းစသည့် အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံများကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ၎င်းတို့အား မည်သည့်နည်းနှင့်မျှ အထိခိုက်မခံဘဲကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။ လူအများက ယခုမိန့်ခွန်းသည် စစ်ရှိန်လျှော့ချမည့်အရိပ်အယောင်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထရန့်ကမူ လာမည့် နှစ်ပတ်မှ သုံးပတ်အတွင်း အီရန်ကို “ပြင်းပြင်းထန်ထန်” ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိုက်တန်သည့် “ကျောက်ခေတ်”သို့ပြန်ရောက်သွားစေမည်ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်။ အကျပ်အတည်းတစ်ခုကိုအဆုံးသတ်ရန် “နှစ်ပတ်မှ သုံးပတ်” ဟု အချိန်သတ်မှတ်ပြောဆိုခြင်းမှာ ထရန့်အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။၎င်း၏သမ္မတသက်တမ်းတစ်လျှောက် ပဋိပက္ခများကို အဆုံးသတ်ရန် ယင်းကဲ့သို့သော အချိန်ကာလကို အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်ကအီရန်နှင့်တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း တီဟီရန်အစိုးရအနေဖြင့် နျူကလီးယားလက်နက် အစီအစဉ် ရပ်တန့်ရေး ဆွေးနွေးပွဲများတွင် ပါဝင်ခြင်း ရှိ၊ မရှိပေါ် မူတည်၍ အီရန်၏နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်မည့်အရေးကို နှစ်ပတ်အတွင်း ဆုံးဖြတ်မည်ဟု ပြောဆိုခဲ့ဖူးသည်။ ထို့အတူ ပြီးခဲ့သည့် မေလကလည်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ သဘောထားကို “နှစ်ပတ်အတွင်း သိရလိမ့်မည်” ဟု ပြောခဲ့သော်လည်းမည်သည့်ထူးခြားမှုမျှ ဖြစ်မလာခဲ့ပေ။ ယခုနှစ် ဇန်နဝါရီလတွင်လည်း ဂရင်းလန်းကျွန်း နှင့် ပတ်သက်သည့် သဘောတူညီချက်များအတွက် “နှစ်ပတ်အတွင်းတစ်ခုခုထွက်ပေါ်လာမည်”ဟုထပ်မံပြောဆိုခဲ့ပြန်သည်။ သို့သော် လအနည်းငယ် ကြာသည့်တိုင်အဆိုပါသဘောတူညီချက်၏တိကျသောအချက်အလက်များမှာ ယနေ့တိုင် ပေါ်ထွက်လာခြင်း မရှိသေးပေ။ ကိုးကား The Independent Post navigation အစ္စရေး၏ သေဒဏ်ပေးဥပဒေသစ်အပေါ် မွတ်စလင်အများစုနေထိုင်ရာ ၈ နိုင်ငံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ အမေရိကန်အား “စည်းကမ်းမဲ့ပြီး တရားလက်လွတ်အမြတ်ထုတ်နေသည့် နိုင်ငံ” ဟု ဝေဖန်ခဲ့သည့် ဘရုစ် စပရင်းစတင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ