PSM(NEWS)

ဧပြီ ၃၊ ၂၀၂၆

စစ်ဘက်ဆိုင်ရာ တရားရုံးများတွင် သေစေလောက်သည့် တိုက်ခိုက်မှုများဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရသော ပါလက်စတိုင်းလူမျိုးများအား ကြိုးပေးသတ်ဖြတ်ရန် အစ္စရေး၏ ဥပဒေအသစ်အပေါ် မွတ်စလင်အများစုနေထိုင်ရာ ၈ နိုင်ငံက “ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း” ပါကစ္စတန်နိုင်ငံက ကြာသပတေးနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က အစ္စရေးလွှတ်တော်တွင် အတည်ပြုခဲ့သော အဆိုပါဥပဒေသည် “အစ္စရေးနိုင်ငံ တည်ရှိမှုကို အဆုံးသတ်ရန်” ရည်ရွယ်၍ လူသတ်မှုကျူးလွန်ကြောင်း ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အစ္စရေးနိုင်ငံသားများနှင့်လည်း သက်ဆိုင်မည်ဟု ဆိုထားသော်လည်း လက်တွေ့တွင်မူ ပါလက်စတိုင်းလူမျိုးများကိုသာ သေဒဏ်ပေးမည်ဖြစ်ပြီး အလားတူရာဇဝတ်မှု ကျူးလွန်သည့် ဂျူးလူမျိုး အစ္စရေးနိုင်ငံသားများမှာမူ ယင်းပြစ်ဒဏ်မှ ကင်းလွတ်နေမည်ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။

ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်က ယခုဥပဒေပြဋ္ဌာန်းချက်သည် အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြည်သူများကို ခြောက်လှန့်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ရှုတ်ချပြောဆိုခဲ့သည်။

ပါကစ္စတန်၊ တူရကီ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့က ယခုဥပဒေသည် “အန္တရာယ်ရှိသော အခြေအနေ တင်းမာလာမှု” ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် အရေးတကြီး လိုအပ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရကလည်း ယခုဥပဒေကို “ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်ခြင်း” ဟု ခေါ်ဆိုလိုက်ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် သြဇာရှိသောနိုင်ငံများအနေဖြင့် ယင်းလုပ်ရပ်များကို တားဆီးရန် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

အနောက်ဘက်ကမ်းဒေသရှိ ဂျူးအခြေချနေထိုင်သူများ၏ ပါလက်စတိုင်းများအပေါ် အကြမ်းဖက်မှုများ တိုးပွားလာနေသည့်အတွက် အစ္စရေးသည် နိုင်ငံတကာ၏ စောင့်ကြည့်စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုဥပဒေကြောင့် အစ္စရေး၏ အနောက်နိုင်ငံမဟာမိတ်များထံမှလည်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ဥရောပသမဂ္ဂ (EU)၊ ဂျာမနီနှင့် ကနေဒါနိုင်ငံတို့ကလည်း ယခုလုပ်ရပ်အပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။

ဥပဒေကို ထောက်ခံသူများကမူ သေဒဏ်ပေးခြင်းသည် ပါလက်စတိုင်းများအနေဖြင့် အစ္စရေးနိုင်ငံသားများအပေါ် တိုက်ခိုက်မှုများ သို့မဟုတ် အကျဉ်းသားလဲလှယ်ရေးအတွက် ပြန်ပေးဆွဲရန် ကြိုးပမ်းမှုများကို ဟန့်တားနိုင်လိမ့်မည်ဟု ဆိုကြသည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု ကမူ နိုင်ငံတကာ၏ တုံ့ပြန်မှုများကိုလျော့ပါးစေရန်အတွက် ဥပဒေပါ အချက်အလက်အချို့ကို ဖြေလျှော့ပေးရန်တောင်းဆိုထားကြောင်း အစ္စရေးသတင်းဌာနများက ဖော်ပြခဲ့သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *