PSM (News) ဇူလိုင် ၂၉၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးသည် အွန်လိုင်း တယ်လီဂရမ်မှတစ်ဆင့် ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးသွားခဲ့ရာမှ ထိုင်းရဲတပ်ဖွဲ့၏ ကူညီမှုကြောင့် ယနေ့ ဇူလိုင် ၂၉ ရက်တွင် လော့ပူရီမြို့ရှိ ဟိုတယ်တစ်ခု၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ မောင်စွမ်းပြည့်ပိုင်စိုး အသက် ၁၄ နှစ်သည် ယမန်နေ့ ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် Passport စာအုပ်၊ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်၍ ချင်းမိုင်ရှိ နေအိမ်မှ အဝေးပြေး ကားဂိတ်သို့ ထွက်ခွာသွားသည်။ ချင်းမိုင် အဝေးပြေး အာကိတ် ကားဂိတ် CCTV မှတ်တမ်းများအရ အဆိုပါ ကလေးငယ်သည် ကားလက်မှတ် ဝယ်ယူခဲ့ပြီးနောက် ခရီးသည်တင်ကား စီးနင်းသွားခဲ့ကြောင်း တွေ့ရှိရသည်။ မောင်စွမ်းပြည့်ပိုင်စိုးကို ၎င်း၏ ဖုန်းမှတစ်ဆင့် ဥတ္တရဒိသ် နှင့် တာ့ခ် အထိ ခြေရာခံ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တည်းနေရာ ပျောက်ဆုံးသွားခဲ့သဖြင့် လူမှုကွန်ရက်ပေါ်တွင် အရေးပေါ် အကူအညီတောင်းခံ ရှာဖွေခဲ့ရသည်။ ကလေးငယ်၏ မိခင်ဖြစ်သူ မချိုချိုခိုင်နှင့် ဦးလေးဖြစ်သူ Ko Htet တို့၏ လူမှုကွန်ရက် ဖော်ပြချက်များအရ ကလေးငယ်သည် တယ်လီဂရမ်ဂရု တစ်ခုမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ လှည့်ဖြားခံရပြီးနောက် အိမ်ရှိ ပိုက်ဆံနှင့် ရွှေများ ယူဆောင်၍ ထွက်ခွာလာရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်ဆေးချက်များအရ တစ်ရက်အတွင်း ဘတ် ၁ သိန်းကျော် သုံးစွဲထားပြီး ကျားဖြန့် သို့မဟုတ် လူကုန်ကူးဂိုဏ်းများ၏ သွေးဆောင်ခေါ်ထုတ်မှု ဖြစ်နိုင်ကြောင်း မိသားစုက ဆိုသည်။ ထိုသို့ ကလေး ပျောက်ဆုံးနေစဉ်အတွင်း မိသားစု၏ အရေးပေါ် အခြေအနေနှင့် စိုးရိမ်ပူပန်မှုကို အခွင့်ကောင်းယူ၍ နယ်စပ်တောထဲ ရောက်နေသည်ဟု ဆိုကာ ငွေကြေး လိမ်လည်ခြိမ်းခြောက် သူများလည်း ရှိခဲ့ကြောင်း ကလေး၏ ဖခင်ဖြစ်သူ ဦးပိုင်စိုးဇော် က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ “နယ်စပ်တောထဲ ရောက်နေပါတယ်။ ကားခ ဘတ် တစ်သိန်းခွဲ လွှဲလိုက်ပါဆိုပြီး လုပ်တာပါ။ ကလေးပုံလေး တစ်ပုံလောက် ရရင် ဘယ်နားရောက်ရောက် လာခဲ့ပါမယ်ဆိုတာကို အခု မလုပ်ရင် နောက် ဆက်တွဲ ကိစ္စတွေ ကျနော်တို့ တာဝန်မယူဘူးဆိုပြီး ခြိမ်းခြောက်တာပါ။ ယုံမိလို့ လမ်းလွဲလိုက်သွားမိရင် တကယ်တွေ့မယ့်လမ်းနဲ့ ဝေးသွားမှာကို မစာနာတဲ့သူတွေပါ” ဟု ဖခင်ဖြစ်သူ က ဆိုထားသည်။ ပျောက်ဆုံး ကလေးငယ် မောင်စွမ်းပြည့်ပိုင်စိုးကို ထိုင်းရဲတပ်ဖွဲ့နှင့် နယ်မြေခံ အကူအညီပေးရေး အဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုများကြောင့် လော့ပူရီမြို့ရှိ ဟိုတယ်တစ်ခုတွင် ၎င်းရှိနေကြောင်း သိရှိ၍ ဝင်ရောက်စီးနင်းခဲ့ရာ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ကလေးငယ်နှင့် အတူရှိနေသူတစ်ဦးမှာမူ လွတ်မြောက်သွားခဲ့ပြီး ကလေးငယ်အား လော့ပူရီရဲစခန်းတွင် စာရွက်စာတမ်း လက်မှတ်ထိုးလွှဲပြောင်းယူကာ ပြန်လည် ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။ ဓာတ်ပုံ – Ko Htet / Facebook Post navigation အမေရိကန်တွင် ဇာလန်းစကီနှင့် နေတန်းယားဟုတို့ကို သမ္မတထရန့် လက်ခံတွေ့ဆုံမည် အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အသစ်ကြောင့် ခိုလှုံခွင့်တောင်းခံသူများ တိုက်ရိုက် ပြည်နှင်ဒဏ်ခုံရုံးသို့ ရောက်ရှိနိုင်